အိန္ဒိယအစားအစာ တစ်ခုဖြစ်တဲ့ ဒံပေါက်ဟာ မြန်မာလူမျိုးတွေရဲ့ ကြိုက်နှစ်သက်တဲ့ အစားအစာအဖြစ် သတ်မှတ်ခံရပါတယ်။ ဒံပေါက်ကိုဆိုင်တွေ ဖွင့်ပြီး ရောင်းကြသလို အလှူမင်္ဂလာဆောင်တွေမှာလည်း ဧည့်ခံကျွေးမွေးတဲ့ အစားအစာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ ပိုပြီး ဆန်းသစ် လာတဲ့ နည်းတွေနဲ့ ဒံပေါက်ကို ချက်ကြပြီး ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ ဒံပေါက်အဖြစ် ဆီလျှော့ပြီး ချက်ကြသလို စားရတာ မအီအောင်သွေးမတိုးအောင် အစရှိသဖြင့် နည်းတွေနဲ့ ချက်ကြပါတယ်။ ဒံပေါက်ဟာ သွေးတိုးသမားတွေအတွက်တော့ ရှောင်ရမယ့် အစားအစာ တစ်ခုဖြစ်ပြီး နွေရာသီမှာ သတိထား စားသင့်တဲ့ အစားအစာပါ။ ဒါပေမယ့် အနံ့အရသာနဲ့ ပြည့်စုံတဲ့ ဒံပေါက်ကို မကြိုက်သူကတော့ ခပ်ရှားရှားပါ။

ဒံပေါက်ဟာ အိန္ဒိယက လာတဲ့ အစားအစာ ဖြစ်ပြီး မြောက်ပိုင်း အိန္ဒိယနဲ့ တောင်ပိုင်းအိန္ဒိယတွေမှာ အခေါ်အဝေါ်တွေ ကွဲပြားပြီး ပါဝင်ပစ္စည်းတွေကွဲပါသေးတယ်။ အဓိကကတော့ ထမင်းကို အသားတွေ ဟင်းခတ်အမွှေးအကြိုင်တွေနဲ့ ရောချက်စားတဲ့ ဓလေ့ကနေ ဆင်းသက်လာတာပါ။ရှေးတုန်းက တော်ဝင်မိသားစုတွေ စားဖို့အတွက် တီထွင်ချက်ပြုတ်ထားတာ ဖြစ်ပါတယ်။ ချက်ပြုတ်နည်းတွေ မတူပေမယ့် အခြေခံ ပါဝင်ပစ္စည်းတွေကတော့ အတူတူပါပဲ။ အရှေ့တောင်အာရှမှာ စားသုံးသူများပြီး မြန်မာပြည်မှာတော့ နေရာတိုင်းလိုလိုမှာ စားကြပါတယ်။

ဒံပေါက်မှာ ပါဝင်တဲ့ ပစ္စည်းတွေကတော့

  • ဒံပေါက်ဆန် (Basmati Rice)၊ သစ်ဂျပိုးခေါက်၊ ကရဝေးရွက်
  • လေးညှင်း၊ နာနတ်ပွင့်၊ သီဟိုဠ်စေ့၊ Saffron (အရောင်ထွက်အောင်)
  • စပျစ်သီးခြောက်၊ ဖာလာစေ့၊
  • ငရုပ်ကောင်းစေ့၊ နနွင်းမှုန့်၊ ကြက်သွန်နီ
  • ထောပတ်၊ ဆီ၊ ပဲစိမ်း

ကြက်သားချက်ရာမှာတော့

  • ဒံပေါက်မဆလာ၊ ဆီ၊ နနွင်း
  • အရောင်တင်မှုန့်၊ ဂျင်း၊ ကြက်သွန်နီ/ဖြူ
  • ဒိန်ချဉ်၊ ဖလာမှုန့်၊ ဇာပွင့်၊ ကြက်သားမှုန့်
  • ဆား၊ ပျဉ်းတော်သိမ်ရွက်၊ ထောပတ်

တွဲဖက်စားသုံးတဲ့ အချဉ်ပြုလုပ်ရာမှာတော့

  • ဂေါ်ဖီ
  • ကြက်သွန်နီ
  • သခွားသီး
  • ပူစီနာရွက်
  • ရှောက်ရည်

danpaunk
အရင်ဆုံး ကြက်သားကို ချက်ရပါမယ်။ ကြက်သားတွေကို ရင်ဖုံနဲ့ ပေါင် အတိုင်း ဆား၊ နနွင်း၊ မဆလာ၊ ဒိန်ချဉ်၊ အရောင်တင်မှုန့်၊ ဟင်းခတ်အမွှေးအကြိုင်တွေနဲ့ ရောသမပြီး နယ်ရပါမယ်။ ကြက်သွန်ဖြူနဲ့ ဂျင်းကို ထောင်းပြီး အရည်ညှစ်ထည့်ပေးပါ။ ကြက်သားတွေကို မချက်ခင်ကတည်းက နယ်ပြီး နှပ်ထားမယ်ဆိုရင် ပိုနူးညံ့ပြီး မွှေးပါတယ်။ ကြက်သားတွေကို နယ်ထားတဲ့ အချိန်မှာ ကြက်သွန်နီတွေကို ဆီနဲ့ ကြော်ထားပါမယ်။
ကြက်သားကို ချက်ဖို့အတွက် အရင်ဆုံး ဆီနဲ့ထောပတ် ကို ထည့်ပြီး ပထမဆုံး ဟင်းခတ်အမွှေးအကြိုင်တွေကို ထည့်ကြော်ရပါမယ်။ (သစ်ဂျပိုးခေါက်၊ ကရဝေးရွက် အနည်းငယ်၊ ဖာလာစေ့) ပြီးရင် ပျဉ်းတော်သိမ်ရွက်ထည့်ပါ။ မွှေးလာရင် ကြက်သားနယ်ထားတာတွေ အကုန်ထည့်ပါ။ ချက်သည်အထိ ချက်ပေးပါ။

ဆန်တွေကို ရေဆေးပြီး နာရီဝက်လောက် ရေစိမ်ထားပါ။ ပြီးရင် ဇကာဖြင့် ဆန်တွေကို ဆယ်ပြီး ပြန်စစ်ထားပါ။ အိုးထဲ ရေထည့်ပြီး ဆူလာရင် ဟင်းခတ်အမွှေးအကြိုင်တွေကို ထည့်ပါ။ ခဏနေရင် ဆန်တွေကို ထည့်ပြီး မွှေပါ။ ဒံပေါက်ချက်ရာမှာ ဆန်တွေကို ကျက်သည်ထိ မချက်ဘဲ တဝက်ကျက်ပဲ ချက်ပြီး ဆန်လုံးတွေ ရှည်သွယ်ပြီးစင်းလာရင် ပြန်ဆယ်ပြီး စစ်ထားရပါတယ်။

ဒံပေါက် ဖောက်မယ့် ဗန်းထဲမှာ (သို့)အိုးထဲမှာ အောက်ဆုံးက ထမင်းကို တစ်ထပ်ခင်းပါ။ ပြီးရင် ကြက်သား ခင်းပြီး ဟင်းအဆီတွေ ထည့်ပါ။  ရေထည့်လို့ ရပေမယ့် နွားနို့က ပိုစိမ့်ပြီး ကောင်းပါတယ်။ နွားနို့တွေ ဖြန်းပါ။ ကြော်ထားတဲ့ ကြက်သွန်နီတွေ ဖြူးပါ။ သီဟိုဠ်စေ့၊ စပျစ်သီးခြောက်နဲ့ Saffronတွေကို ဖြူးပေးပါ။ အပေါ့အငံ ထည့်ပါ။ တစ်ထပ်ချင်းစီ၃ထပ် ခင်းသွားပါ။ ပြီးရင် အပေါ်မီး အောက်မီးနဲ့ ပြန်နှပ်ပါ။ oven နဲ့ ချက်သူတွေကလည်း တစ်နာရီခွဲလောက် ထည့်နှပ်ပါ။

တွဲစားဖို့ အချဉ်နဲ့ ဟင်းချိုချက်ရပါဦးမယ်။ အချဉ်ကတော့ ဂေါ်ဖီ၊ ကြက်သွန်နီ၊ သခွားသီးတို့ကို လှီးပြီး ဒိန်ချဉ် အနည်းငယ်ထည့် ရှောက်ရည်နည်းနည်းထည့်ပြီး နယ်ပါ။ ငရုတ်သီးစိမ်းလေးပါ ထည့်ရင် ပိုအအီပြေစေပါတယ်။ မွှေးပြီး သွေးမတိုးအောင်
ပူစီနာရွက်လေးကို ထည့်ပါ။ ဟင်းချိုကတော့ ခရမ်းသီးကို မီးဖုတ်ပြီး ချဉ်ပေါင်ရွက်လေးနဲ့ ရောချက်ပေးပါ။ အအီပြေစေပါတယ်။ သရက်သီးအချဉ်တို့ ပုဇွန်ခြောက်ကြော်တို့ပါ တွဲစားကြပါတယ်။

ဒံပေါက်ကို အခုလို နေပြင်းတဲ့ ရာသီမှာ စားမယ်ဆိုရင် ဆီလျှော့ပြီး စားပေးပါ။ သွေးတိုးသမားတွေ သတိနဲ့ စားသင့်ပါတယ်။ သွေးမတက် ခေါင်းမကိုက်အောင် သံပုရာရည်လေးသောက်ပါ။

Photo: Lubo