ဟိုတလောကတော့ အွန်လိုင်းလောကမှာ လှုပ်လှုပ်ရှားရှား ဖြစ်သွားတဲ့ အကြောင်းတစ်ခုကတော့ ဆန်ဆေးရည် ကိစ္စပါပဲ။ ဆန်ဆေးရည်ကို သောက်ပေးရင် အဆီကျတယ် ဗိုက်ကျတယ် စသည်ဖြင့် သတင်းတွေ ပျံ့နှံ့ခဲ့ပြီး ဆရာဝန်တစ်ဦးဆိုသူက အချက်အလက်နဲ့ ရှင်းပြခဲ့တာလေးတွေကို လူတိုင်းနီးပါး ဖတ်မိကြမှာပါ။ ဆန်ဆေးရည်ကို သောက်ပေးတာဟာ အဆီကျစေတယ်ဆိုတာထက် အသားအရည်တွေ တင်းရင်းသွားစေတာပါ ဆိုပြီး ရှင်းပြခဲ့တဲ့ စာလေးကို ဖတ်မိပါတယ်။ တကယ်တော့ ဆန်ဆေးရည်ဟာ မီးဖိုဆောင်ထဲမှာတော့ အခြား အသုံးဝင်တာလေးတွေ ရှိပါသေးတယ်။

ဆန်ဆိုတာက ဗီတာမင်ဓာတ်တွေ များစွာပါဝင်တဲ့ အမျိုးပါ။ မချက်ခင်မှာ ဆေးကြောပြီး ရလာတဲ့ ဆန်ဆေးရည်လို့ ခေါ်ပါတယ်။ ဆန်ကို ဆေးတဲ့အခါမှာ တစ်ကြိမ် ခပ်ဖွဖွ အရင်ဆေးပြီး နောက်ရေတစ်ထပ်နဲ့ ဆေးတဲ့အခါ ဆေးရည်ကိုယူထားပါ။ ဆန်ကို နှစ်ကြိမ်ထက်ပိုပြီး မဆေးသင့်ပါဘူး။ ဆန်ကို အခါခါ ဆေးရင် ဗီတာမင်ဘီဓာတ်တွေ လျော့နည်းစေပြီး အာဟာရကို ကျစေပါတယ်။

ဆန်ဆေးရည်ကို အိုးခွက်ပန်းကန်တွေ ဆေးတဲ့နေရာမှာ ဆီပြောင်စင်စေဖို့ အသုံးပြုလို့ ရပါတယ်။ ဒါ့အပြင် ကြက်ဟင်းခါးသီးရဲ့ အခါးဓာတ်ကို သက်သာစေချင်ရင်တော့ ဆန်ဆေးရည်မှာ စိမ်ပြီး အခါးရည်တွေကို ညှစ်ချလိုက်ပါ။ ခရမ်းသီးတွေကိုတော့ မချက်ခင် ဆန်ဆေးရည်မှာ စိမ်ထားမယ်ဆိုပါက ပိုပြီး ချိုမြစေပါတယ်။ ချဉ်ဖက် ပြုလုပ်တဲ့ အခါမှာလည်း အသီးအရွက်တွေကို ဆန်ဆေးရည်မှာစိမ်ပြီး ဆားအနည်းငယ် ထည့်ပေးလိုက်ရင် အချဉ်ဓာတ် ရလာစေပြီး အိမ်လုပ် တို့စရာချဉ်ဖက်ကို ရစေပါတယ်။

ဆန်ဆေးရည်ဟာ အပူငြိမ်းစေတဲ့ ဓာတ်တစ်မျိုးပါရှိပါတယ်။ သွေးသည်းခြေကို ငြိမ်စေပြီး ဝမ်းသွားနေရင် သောက်ပေးပါက ရပ်သွားစေပါတယ်။ အနာတွေကို ဆေးကြောတဲ့ နေရာမှာလည်း ဆန်ဆေးရည်ကို အသုံးပြုနိုင်ပါတယ်။

မျက်နှာအသားအရေ တင်းရင်းပြီး ဝက်ခြံနဲ့ အမာရွတ်တွေ သက်သာစေချင်ရင် ဆန်ဆေးရည်နဲ့ မျက်နှာသစ်ပေးလို့ ရပါတယ်။