အာလူးထမင်းဝါ သက်သက်လွတ်လေး လုပ်စားတာပါ။ ကျန်းမာရေးနဲ့ ညီညွတ်ပြီး အာဟာရပြည့်တဲ့ အစားအစာတစ်ခုပါနော်။ ဆိုင်မှာစားရင် ဈေးကြီးပေးပြီး စားရပေမယ့် တကယ်တော့ ပါဝင်ပစ္စည်း အနည်းငယ်နဲ့ လွယ်လွယ်ကူကူ အိမ်မှာလုပ်စားလို့ရပါတယ်။ တစ်အိမ်လုံးစာ အတွက် လုပ်ရင်တောင် အချိန် ခဏလေးအတွင်း လုပ်နိုင်ပါတယ်။ တခြားလုပ်နည်းတွေရှိပေမယ့် အခု ဖော်ပြထားတာကတော့ အလွယ်ကူဆုံး အိမ်မှာလုပ်စားနေကျ နည်းလေးပါ။

ပါဝင်ပစ္စည်းများ

  • ရှမ်းဆန် (သို့) ပေါ်ဆန်းမွှေး – ၂လုံး ( နို့ဆီဗူး)
  • အာလူး – ၂၀ ကျပ်သား
  • နနွင်း – အနညးငယ်
  • ဆား – လိုအပ်သလို
  • ဆီ – အနည်းငယ်
  • ကြက်သွန်ဖြူ – အနည်းငယ် (အဝိုင်းပါးပါးလှီးထားပါ )
  • မြေပဲကြော် – အနည်းငယ်
  • ဂျူးမြစ် – စားနိုင်သလောက်
  • နံနံပင် – ၃ပင်
  • ငရုတ်သီးကြော် – စားနိုင်သလောက်

ပြင်ဆင်ပြုလုပ်နည်း

  1. ဆန်ဆေး၍ ချက်ပါ ။ ဂျူးမြစ် နှင့် နံနံပင်ကို လည် ဆေးကြောသန့်စင်ထားပါ ။
  2. အာလူးကို အခွံနွှာဆေးကြောသန့်စင်ပြီး ရေနွေးပွက်ပွက်ဆူတွင် ပြုတ်ပါ ။ ဆားထည့်ပါ ။ နနွင်းအနည်းငယ်ထည့်ပါ ။ အာလူးများကျက်လျှင် ရေစစ်ထားပါ ။
  3. ထို့နောက် ဆီအနည်းငယ်ထည့်ကာ ကြက်သွန်ဖြူ ကို ဆီသတ်ပါ ။ နနွင်းထည့်ပါ ။ အာလူးများထည့်ပါ ။
  4. ထမင်းကျက်လျှင် အာလူးများနှင့် ရောမွှေ၍ ကြေညက်အောင်ရောချေပါ ။ ဆားအရသာ လိုသလိုထည့်ပါ ။
  5. ပြီးလျင် ကြိုက်နှစ်သက်သလို ပုံဖော်ကာ ကြက်သွန်ဖြူဆီချက် ဖြူ း၍ မြေပဲကြော် ၊ ဂျူးမြစ် ၊နံနံပင် ၊ ငရုတ်သီးကြော်တို့နှင့် တွဲဖက်၍ စားနိုင်ပါပီ ။

မှတ်ချက်။ ။ အာလူးကောင်းရင် အရသာရှိလို့ ထမင်းထဲကို အချိုအရသာ သိပ်ထည့်စရာမလိုပါဘူးနော်။

Credit: Winmay’s Food House