အာလူးကို အမျိုးမျိုးချက်စား ကြော်စား လုပ်စားနေတဲ့အထဲမှ အခုလို အမျှင်ကြော်လေးကို တမျိုးလုပ်စားကြည့်ရအောင်နော်။ အာလူးကို အမျှင်တွေခြစ် အစာအမျိုးမျိုးရောကြော်ထားပြီး အပြင်မှာ ကျွတ်ရွ အတွင်းသားတွေက နူးညံ့လို့ တော်တော်လေး စားကောင်းပါတယ် ။ အရသာမျိုးစုံ ရှိတဲ့ထဲက မြန်မာတွေနဲ့ အနီးစပ်ဆုံး ဖြစ်မဲ့ အာလူးကို ပုဇွန်နဲ့ ရောကြော်တာကို ဖော်ပြပေးပါရစေ။

ပါဝင်ပစ္စည်းများ

  • ပုဇွန် ၃၀သား
  • ဆား
  • ငရုတ်ကောင်း
  • နံနံပင် သို့မဟုတ် ကြက်သွန်မိတ် အနည်းငယ်
  • ကြက်ဥနှစ်လုံး
  • အကြော်မှုန့်
  • အာလူး
  • အာလူးမျှင်
  • ဆား
  • ဆီ
  • ထောပတ်ဆီ နည်းနည်း

ပြင်ဆင်ပြုလုပ်နည်း

  1. ပုဇွန် ၃၀သားကို အခွံခွာ ရေဆေးပြီး အတုံးလေးတွေ တုံးထားပါ။ ဆားနဲ့ ငရုတ်ကောင်း ထည့်နယ်ပါ။ နံနံပင် သို့မဟုတ် ကြက်သွန်မိတ် အနည်းငယ်ကို ပါးပါးလှီးထားပါ ။ ကြက်ဥနှစ်လုံးခေါက်ထားပါ။ အကြော်မှုန့် တခွက့်ထည့်ဖျော်ပါ။
  2. အာလူးတွေကို အခွံခွာပြီး ခြစ်ပါ ။ ရေဆေးချပြီး ရေခြောက်အောင် လုပ်ပါ ။
  3. ထို့နောက် ပုဇွန်၊ အာလူးမျှင် နဲ့ နံနံပင်တွေကို ကြက်ဥရည်နဲ့ ရောပါ။ ဆားနဲ့ ငရုတ်ကောင်းလည်း သင့်ရုံထည့်ပြီး အားလုံးရောမွှေပါ။
  4. ပြီးရင် ဆီနဲ့ ကျွတ်အောင် ကြော်ပြီး သုံးဆောင်လို့ ရပါပြီ။

အကြော်မှုန့် မထည့်ချင်ရင် ကြက်ဥကို တလုံးပဲထည့် သို့မဟုတ် လုံးဝမထည့်လည်း ရပါတယ်။ အာလူးမျှင်တွေထဲ ထောပတ်ဆီ နည်းနည်း ထည့်မွှေလေ့ရှိပါတယ်။ မထည့်လည်းရပါတယ် ။ ပုဇွန်အစား ပြောင်ဖူး ၊ ငရုတ်ပွ စသဖြင့် စိတ်ကူးတည့်ရာ ထည့်လို့ ရပါတယ်။ ဆီနည်းနည်းနဲ့ အိုးကပ်ကြော်တာ ပိုကောင်းပါတယ် ။ ဆီများများထဲ ထည့်ကြော်ရင်တော့ တစ်ရှုးစက္ကူ ထူထူခင်းထားတဲ့ပေါ်မှာ ဆီကြာကြာ ပြန်စစ်ပါ။ ဒိန်ချဉ်ကို ရေနည်းနည်းရော ဆားနဲ့ ငရုတ်သီး အရောင်တင်မှုန့်နည်းနည်း ထည့်ထားတာနဲ့ တွဲစားရင် အင်မတန် လိုက်ဖက်ပါတယ်။

Credit: Food Madness