ပါဝင်ပစ္စည်းများ

  • အာလူး – ၅၀ ကျပ်သား
  • ကြက်ဥ – ၁ လုံး
  • ကြက်သား – ၁၀ ကျပ်သား
  • ကြက်သွန်နီကြီး – ၂ လုံး
  • ကြက်သွန်ဖြူ – ၂ မွှာ
  • ပျဉ်းတော်သိမ်ရွက် – ၂ ခက်
  • မဆလာ
  • ငြုပ်သီးစိမ်း ( အနည်းငယ် )
  • ကြက်သွန်မြိတ်
  • ကော်မှုန့်

ပြင်ဆင်ပြုလုပ်နည်း

အာလူးတွေကို ပြုတ်ချေပြီး ဆားအနည်းငယ် နှင့် သကြားပါလေ ရုံလေးနဲ့နယ်ပြီး လှီးထားသော ကြက်သွန်မိတ်နဲ့နယ်ထားပါ။

အဆာ အတွက် ကြက်သားကို စင်းပြီး ဆား၊ မဆလာ၊ နနွင်းလေးနဲ့နယ်ထားပါ။ ကြက်သွန်နီကို သေးသေးလေးတွေစိတ်၊ ကြက်သွန်ဖြူကို နုတ်နုတ်စင်း၊ ပျဉ်းတော်သိမ်ရွက် ၂ ခက်လောက် ပါးပါးလှီး၊ ငြုပ်သီးစိမ်း ကြိုက်လျှင် နည်းနည်း လှီးထားပြီး ဆီ ၁ ဇွန်းလောက် ဒယ်အိုးထဲ ထည့်ပြီး ကြက်သွန်ဖြူ ဆီသတ်ကာ အသား ထည့်မွှေပါ။ ကြက်ခါနီး ကြက်သွန်နီ၊ ပျဉ်းတော်သိမ်ရွက်၊ ငြုပ်သီးစိမ်း တွေထည့်ပါ။ ဆီပါသလောက် ကပ်ကပ်လေးပဲ ချက်ပါ။ ပေါက်တတ်လို့ပါ။

ကျမက တြိဂံ ပုံလိုချင်လို့ ပုံစံခွက်လေး ဝယ်ထားပါတယ်။ ပထမ အနေတော် အလုံးလေးလုပ် မုန့်လုံးရေပေါ်လို အဆာသွတ်ပါ။ ပြီးလျှင် ပုံစံခွက်ထဲ ဖိထည့်လိုက်ပါတယ်။

ဒီတိုင်းပဲ ငါးဖယ်ဝိုင်း ပုံစံလေး ကြော်လည်း ကောင်းပါတယ်။ ပြီးလျှင် ကော်မှုန့်လူး၊ ကြက်ဥနှစ် ဆွတ်ပြီး ကော်မှုန့်ပြန်လူးပါတယ်။ ဆီအိုး မမြုပ်တမြုပ်နဲ့၂ ဖက်လှန်ကြော်ပါ။ ဆီမြုပ် မကြော်ရပါ။

ပျဉ်းတော်သိမ် အရွက်ကြောင့် အရမ်းမွှေးနေပါလိမ့်မယ်။ ကြက်သားထဲ အရောင်တင်မှုန့်လည်းထည့်ကြပါတယ်။ ဆိတ်သား၊ အမဲသား၊ ဝက်သား တို့ကို အသုံးပြုမယ် ဆိုရင်တော့ ပြုတ်စင်းပြီးမှ ထည့်စေချင်ပါတယ်။

သိတဲ့သူတွေက ခွင့်လွှတ်ပါ။ မိသားစုတွေကို မေတ္တာတွေနဲ့ချက်ကျွေးနိုင်ကြပါစေ။

Credit: Happy Family