အိမ်ရဲ့ ချစ်ခြင်းမေတ္တာတွေက မီးဖိုချောင်ကနေစတင်တယ်ဆိုတဲ့ အနောက်တိုင်း စကားပုံတစ်ခုရှိပါတယ်။

ဒါ့ကြောင့် အိမ်တစ်အိမ်မှာ လှပပြီး သပ်ရပ်တဲ့ မီးဖိုချောင်တစ်ခုရှိဖို့ လိုအပ်ပါတယ်။

Layout ဒီဇိုင်းကောင်းဖို့လိုအပ်

မီးဖိုချောင်နေရာကျဉ်းပေမယ့် တည်ဆောက်မယ့် Layout ဒီဇိုင်း ကောင်းရင် အစီအစဉ်တကျရှိတဲ့ မီးဖိုချောင်လေးရရှိမှာပါ။

L ပုံစံ မီးဖိုချောင်

သင့်မီးဖိုချောင်က ကျဉ်းနေရင် L ပုံစံလေး ဒီဇိုင်းဆွဲကြည့်ပါ။ တစ်ဖက်မှာ နေရာအလွယ်လေးထားခြင်းဖြင့် သင်အလွယ်တကူ လှုပ်ရှားနိုင်မှာပါ။

အဲ့လို နေရာလွတ်လေးတွေက အလင်းရောင်တွေဝင်စေပြီး မီးဖိုချောင်ကိုလည်း လေဝင်လေထွက်ကောင်းအောင် လုပ်ဆောင်ပေးပါတယ်။

U ပုံစံ မီးဖိုချောင်

U ပုံစံ မီးဖိုချောင်က လူတွေအများအားဖြင့် သဘောကျတဲ့ ပုံစံပါဘဲ။ အဲ့ဒီအပြင် မီးဖိုချောင်ထဲမှာလည်း လွတ်လပ်လပ်သွားလာ ချက်ပြုတ်နိုင်ပါတယ်။

နေရောင်ခြည်ဝင်အောင် လုပ်ပါ

မီးဖိုချောင်တစ်ခုမှာ နေရောင်ခြည်နဲ့ လေဝင်လေထွက်ကောင်းဖို့ကလည်း အရေးကြီးပါတယ်။ ဒါ့ကြောင့် ပြူတင်းပေါက်အကြီးကြီးတွေပါလာရင် မပိတ်ပစ်ပါနဲ့။ လိုက်ကာ ပါးပါးလေးတွေဘဲတပ်ပြီး နေရောင်ခြည်ကောင်းကောင်းဝင်အောင် လုပ်ပေးပါ။

အကယ်၍ ပြုတင်းပေါက်တွေမပါလာဘူးဆိုလည်း မီးရောင်ကောင်းကောင်းလင်းတဲ့ မီးချောင်းတွေကို အသုံးပြုပါ။

မီးဖိုချောင်ထဲမှာ မီးလင်းနေရင် မီးဖိုချောင်က ပိုကျယ်သလိုခံစားရပါလိမ့်မယ်။

အရောင်ကို ဂရုတစိုက်ရွေးပါ

မီးဖိုချောင်ကျဉ်းကျဉ်းလေးဆိုရင် နံရံတွေကို အဖြူရောင်သုတ်ပြီး ပရိဘောဂတွေ စင်တွေကို အဖြူရောင်ကို ရွေးချယ်ရင်ပိုကောင်းပါလိမ့်မယ်။

အမည်းရောင်က မီးဖိုချောင်ကို ပိုကျဉ်းသလို ခံစားရပါလိမ့်မယ်။

အဖြူရောင်က အလင်းပြန်ပြီး အားလုံးကိုရှင်းရှင်းလင်းလင်း မြင်အောင်ကူညီပေးပါလိမ့်မယ်။