အရင်တုန်းကတော့ အုန်းထမင်းကို အလှူမင်္ဂလာပွဲတွေ သွားတော့မှ စားရပေမယ့်လည်း အခုအချိန်မှာတော့ အလွယ်တကူအိမ်မှာပဲ ကြိုက်တဲ့အချိန် ချက်စားနိုင်ဖို့အတွက် နည်းလမ်းလေးတွေ ပေးအပ်တော့မှာပါနော်။ လုပ်ရတာကလည်း ထင်သလောက်လက်မဝင်လို့ တစ်ခါလောက်တော့ ချက်ကြည့်ကြပါအုံးလို့ တိုက်တွန်းလိုက်ချင်ပါတယ်နော်။

ပါဝင်ပစ္စည်းများ

  • အုန်းထမင်းဆန် -၃ နို့ဆီဘူး (ရေသုံးနာရီ ကြိုစိမ်ထားပေးပါ)
  • အုန်းနို့အနှစ် – ၁ နို့ဆီဘူး
  • ရေ – ၂ ၁/၂ နို့ဆီဘူး
  • ကြက်သွန်နီ – ၁၀လုံး
  • သကြား – ၂ ဟင်းစားဇွန်း
  • ဆား – ၁ ဟင်းစားဇွန်း
  • ဆီ – ၂ ဟင်းစားဇွန်း

ပြင်ဆင်ပြုလုပ်နည်း

  1. ဆန်ကို ရေစင်အောင် ဆေးပြီး စိမ်ထားသည်များကို ရေစစ်ပေးပြီး ပါဝင်ပစ္စည်းများထည့်မွှေပေးကာ rice cookerမှာ ထမင်းချက် သလို ချက်ပေးပါ။ ခဏကြာ သမအောင် မွှေပေးပါ။ ရေခမ်းပြီး ခလုပ်တက်ခါနီးလျှင် ဆန် အနည်းငယ် မာတယ် ထင်လျှင် ရေနွေးလေး အနည်းငယ် ထည့်ပြီး အသာယာ မွှေပေးပါ။
  2. ပေါင်းအိုး ခလုပ်တက်ပြီး ချွေးသိပ်သွားလျှင် အရမ်းမချို ဆီမများ အုန်းနို့လည်း အများကြီး မသုံးထားတော့သွေးတိုးမှာလည်း မပူရတော့တဲ့ အုန်းထမင်းရပါပြီ။
  3. အုန်းထမင်းနှင့် တွဲဖက်စားရန် ဖီးကြမ်း ငှက်ပျောသီး မှည့်များကို ဆီများများ မီးအေးအေးမှာ ကြော်ပေးပါ။ စားတော် ပဲပြုတ်လေး ဆီမွှေးသပ်ထားပါ။ ငရုတ်သီးတောင့်လေးများ ကြော်ထားပါ။
  4. ပုဇွန်ခြောက်လေးများ ကြွပ်အောင် ကြော်ထားပါ။ သရက်ချဉ်၊ ပူစီနံလေးများဖြင့် တွဲဖက် စားသုံးနိုင်ပါပြီ။

Credit: Soe’s Cooking Collection