အိမ်ရှင်မ တစ်ယောက်ရဲ့ တာဝန်ဟာ တစ်နေ့နဲ့ တစ်နေ့ ဘာချက်ရမလဲ ဆိုတာ တွေးတောရခြင်းပါ။ လွယ်ကူမယ်ထင်သလောက် ခက်ပါတယ်။ အာဟာရမျှတအောင် စီမံ ချက်ပြုတ်ရသလို တစ်နေ့နဲ့ တစ်နေ့ ထပ်မနေအောင်လည်း စဉ်းစားရပါတယ်။

စားဖို့ မြိန်စေပြီး မိသားစုဝင်တွေလည်း အကြိုက်တွေ့စေဖို့ စဉ်းစားရတာဟာ မီးဖိုချောင်ထဲက ချက်ပြုတ်သူတိုင်းအတွက် လွယ်မယောင်နဲ့ ခက်တဲ့ အလုပ်ပါပဲ။ ခေတ်ကာလတွေ တိုးတက်လာတာနဲ့ အမျှ ချက်ပြုတ်နည်းတွေဟာလည်း ဆန်းသစ်လာပါတယ်။ တီထွင်ပြီး ချက်ပြုတ်ကြသလို ဟင်းလျာအသစ်တွေကို ထီထွင်လာကြပါတယ်။

ဘယ်လိုပဲ ထီထွင်ကြပေမယ့် အခြေခံ ချက်ပြုတ်နည်းကတော့ ၇ မျိုးပဲ ရှိပါတယ်။

၁။ ပြုတ်ခြင်း

ပြုတ်ခြင်းဆိုတာကတော့ စားစရာတွေကို ရေအေး ဒါမှမဟုတ် ရေပူထဲမှာ ထည့်ပြီး ကျက်သွားအောင် ရေပွက်ပွက် ဆူတဲ့ အထိ မီးပြင်းတိုက်ပြီး ချက်တဲ့ နည်းဖြစ်ပါတယ်။

အသီးအနှံ တွေကို ပြုတ်တဲ့ အခါမျိုးမှာ အသုံးများပါတယ်။ ဥပမာ ဆန်၊ အာလူး၊ ပဲ၊ ခေါက်ဆွဲ တို့ကို ပြုတ်တဲ့ပုံစံမျိုးပါ။

၂။ ရေလုံပြုတ်ခြင်း

ရေလုံပြုတ် ဆိုတာကတော့ အနောက်တိုင်း အခေါ် စတူးပါ။ ရေကို မြန်မြန် မဆူစေဘဲ မီးငွေ့အေးအေးနဲ့ နူးသွားအောင် ချက်တဲ့ နည်းပါ။ မီးကို လိုအပ်ရင် အတိုးအလျှော့ လုပ်ပေးနိုင်ပါတယ်။ မြန်မာအခေါ်ဆိုရင်တော့ ဆီပြန်ရေကျန် ချက်တာတို့ ဆီပြန်ချက်တာတို့ ဖြစ်ပါတယ်။

၃။ ပေါင်းခြင်း

ပေါင်းခြင်းဆိုတာမှာ ရေငွေ့နဲ့ ချက်သောနည်းပဲ ဖြစ်ပါတယ်။ ပေါင်းတဲ့အခါ ပေါင်းအိုး၊ ပေါင်းချောင်တွေကို အသုံးပြုပြီး ပေါင်းကြပါတယ်။

ပေါင်းနည်းမှာ စားစရာထဲက အာဟာရကဓာတ်ကို ပြည့်ပြည့်၀၀ ရစေပြီး အရိုးပါ နူးအိသွားစေတဲ့ နည်းပါ။ ငါးသလောက်တို့ ဘဲတို့ကို မြန်မာတွေက ပေါင်းစား တတ်ကြပါတယ်။ အခြား မုန့်ပေါင်း၊ ကောက်ညှင်းပေါင်းတို့ဆိုတာကလည်း ပေါင်းခြင်းနည်းနဲ့ ချက်ထားတဲ့ အစားအစာတွေပါ။

၄။ ကြော်ခြင်း

ရေကို မသုံးဘဲ ဆီနဲ့ ချက်တဲ့ နည်းတွေပါ။ ဟင်းတွေကို အမြန်ဆုံး ကျက်တဲ့ နည်းတစ်နည်းပါပဲ။ ကြော်ခြင်းမှာ ဆီပူထိုး ကြော်နည်းနဲ့ ဆီများများမှာ ကြော်နည်းဆိုပြီး ရှိပါသေးတယ်။

ဆီနည်းနည်းနဲ့ လှိမ့်ရတဲ့ ကြော်နည်းတွေကို ဆီပူထိုးကြော်တယ်လို့ ခေါ်ပါတယ်။ ကြက်ဥကြော်၊ ပုဇွန်ကြော်တွေကို ချက်တဲ့အခါသုံးတဲ့နည်းပါ။ ဗူးသီးကြော်၊ ဘယာကြော်၊ ငါးကြော် အစရှိတဲ့ ဆီများများထဲ ထည့်ကြော်တဲ့ နည်းဆိုပြီး ရှိပါတယ်။

၅။ ပြုတ်ကြော်

မြန်မာတွေရဲ့ အခေါ်ကတော့ ပြုတ်ပြီးမှ ကြော်ခြင်းဖြစ်ပါတယ်။ အနောက်တိုင်းမှာတော့ စားစရာကို ဆီ ဒါမှမဟုတ် ထောပတ်တို့နဲ့ မီးမျဉ်းမျဉ်းနဲ့ ကြော်ပြီး နှပ်ရတဲ့ နည်းဖြစ်ပါတယ်။

ရိုးရိုးကြော်ခြင်းနဲ့ မတူတဲ့နည်းကတော့ သားငါးတွေကို အကောင်လိုက်ဖြစ်စေ အတုံးကြီးကြီး ကြော်တဲ့အခါဖြစ်စေ အတွင်းသားအထိ ထိုးဖောက်ပြီး ကျက်အောင် ကြော်တဲ့န ည်းပါ။ အသားငါး အတုံးတွေကို ဒယ်အိုးပက်လက်မှာ ထည့်ပြီး အရောင်အခြေအနေ ကြည့်ပြီး အဆက်မပြတ် လှန်မှောက်ပေးနေရပါတယ်။

၆။ ကင်ခြင်း

ကင်ခြင်းကတော့ ရေရော ဆီရော မပါဘဲ ကျက်စေခြင်းပဲ ဖြစ်ပါတယ်။ အနောက်တိုင်းကတော့ ဗရွိုင်းလို့ ခေါ်ပါတယ်။

၇။ ဖုတ်ခြင်း

မြန်မာနည်းအရတော့ စားစရာတွေကို မီးကျီပေါ် တိုက်ရိုက်ထားပြီး ချက်တဲ့ နည်းပါ။ ငါးခြောက်တွေကို ဒီနည်းနဲ့ ဖုတ်ပါတယ်။

မြန်မာတို့ကတော့ ဆီပြန်၊ အကင်၊ မီးဖုတ်၊ ဟင်းချို၊ ကြော်ချက်၊ ချည်ရည် အစရှိသဖြင့် ချက်ပြုတ်စားကြပါတယ်။ အစာအဟာရ အတွက် ချက်ပြုတ်တဲ့ အခါ ဘယ်နည်းက အာဟာရကို အများဆုံး ရစေလဲဆိုတာ တွေးပြီးမှ ချက်ရင် ပိုကောင်းပါတယ်။

အသီးအရွက်တွေနဲ့ အသားတွေကို ချက်တဲ့ အခါ ခံတွင်းမြိန်ပြီး စားလို့ကောင်းတဲ့ ဟင်းလျာတွေကို ဖန်တီးနိုင်ကြပါစေ။