ကောက်ညင်း နဲ့ ပိတောက်ပန်း လုပ်ရတာလေးက ကြည့်ရတာ ခက်ခဲပေမယ့် လုပ်ပြီးလို့ တစ်ပွင့်ချင်းကို မြင်ရတာလေးက အင်မတန် ကြည်နူး စရာပါ။ သင်္ကြန်ပိတ်ရက် မိသားစု သူငယ်ချင်း မိတ်ဆွေတွေ ဆုံတုန်း အားလုံး တစ်ပျော် တစ်ပါး ဘယ်သူ့ အပွင့်က ပိုတူလဲ ဆိုတာ ငြင်းခုန်ရင်း ပြိုင်ရင်း လုပ်စားလို့ ရအောင် ရှယ်ပေးလိုက်ပါတယ်။ အပျော်တွေ ကူးနိုင်ကျပါစေ။

ပါဝင်ပစ္စည်းများ

  • ကောက်ညင်းမှုန့် – ၁ ခွက်
  • ဆန်ကြမ်းမှုန့် – ၁/၂ ဇွန်း (လက်ဖက်ဇွန်း)
  • ဆား – အနည်းငယ်ေ
  • နေကြာဆီ – ၃ ဇွန်း (လက်ဖက်ဇွန်း)
  • ရေ – ၁/၄ ခွက် (မုန့်လုပ်ရန်တိုင်းသောခွက်)
  • အ၀ါရောင်အရည် – ၂ စက် (မုန့်လုပ်ရင်ထည့်သော အရောင်ရည်)
  • အစိမ်းရောင်အရည် – ၂ စက် (မုန့်လုပ်ရင်ထည့်သော အရောင်ရည်)
  • ၀ါးချောင်လေး – လိုသလောက် (၀ါးသွားကြားထိုးတံ)
  • ဆီ – လိုသလောက် (မုန့်နှစ်ကိုင်ရန် ၊ ဒုတ်တံ ၊ စားပွဲပြင် ဆီသုပ်ရန်)
  • ထန်းလျက်ရည်  –  ပြစ်ပြစ် လိုသလောက်

ပြုလုပ်နည်း

  1. ဖန်ဇလုံ အကြီးထဲ ကောက်ညင်းမှုန့် ၊ ဆန်ကြမ်းမှုန့် ၊ ဆား ၊ ဆီများထည့်ပြီး ရေကို ဖြည်းဖြည်းချင်း လောင်းထည့်ပြီး ဖြည်းဖြည်းချင်း ထည့်နယ်ပါ။ လက်ကို မကပ်တဲ့ အထိ နယ်ပါ။
  2. ရလာသော မုန့်နှစ်သားကို သုံးဆ ညီတူမျှတူ သုံးလုံး လုံးပြီး ခွဲပါ။ ဖန်ဇလုံး အကြီးထဲ မုန့်နှစ် တစ်လုံးကို အ၀ါရောင် ၂ စက်ထည့်ပြီး သေချာ အနှံ့ ရောအောင် နယ်ပါ ။  နောက် ဖန်ဇလုံးထဲ နောက်တစ်လုံး ထည့်ပြီး အစိမ်းရောင် ၂ စက်ထည့်ပြီး သေချာအရောင် နှံ့အာင် နယ်ပါ။
  3. ဖော့တုံးပေါ်မှာ သွားကြား ထိုးတံကို ဆီသုပ်ပြီး တစ်ချောင်းစီ စိုက်ပါ။ မုန့်နှစ်လှိမ့်လို့ ကောင်းအောင် စားပွဲပြင်ပေါ် ဆီချွဲနေအောင် သုပ်ပါ။ လက်ကို ဆီသုပ်ပါ ။   ပိတောက် အပွင့်ဖတ် လုပ်ရန် မုန့်အနှစ် အ၀ါကို ဆေးလုံး အရွယ်လောက် လုံးပြီး စားပွဲပေါ် (သို့ ) လက်ဖ၀ါးပေါ် အသာ ပြန့်အာင်ဖျန့်ပါ ။   ပြီးရင် ပြန့်သွားသော မုန့်သား တစ်ဘက်ကို ခတ်ဖွဖွလေး တွန်းပြီး ဆီသုပ် ထားသော ဒုတ်တံပေါ် အသာကပ်ပါ။ နောက်ထပ် ပွင်ဖတ်များ ကိုလဲ အဲဒီအတိုင်း လုပ်ပါ။
  4. အပွင့်ဖတ်လေးတွေ တစ်ဖတ်ပေါ် တစ်ဖတ် တင်ပြီး လက်ဖြင့် အသာ ပွတ်ပြီး မုန့်နှစ်လေးများ အနည်းငယ် ကပ်အောင် ဖိပေးပါ ။  တစ်ပွင့်ကို ၃ ဖတ်ဆို ရပါပြီ ။  ဆေးလုံး အရွယ်လောက် (လက်သန်း အရွယ်လောက် အလုံး) အစိမ်းရောင် မုန့်အနှစ်ယူပါ။ ပါးပါး ရှည်မျောမျော ဖြစ်အောင် မုန့်နှစ်ကို လက်ဖ၀ါးပေါ် (သို့ ) စားပွဲပေါ်မှာ ပြန့်အာင်ဖျန့်ပါ ။   ပြီးလျင် ပွင့်ဖတ် သုံးဖတ် ဆုံသော နေရာပေါ် တင်ပြီး သေချာပတ်ပါ။
  5. စောက်နက် အိုးထဲတွင် ရေ အိုးတစ်ဝက်လောက် ထည့်ပြီး ဆူအောင်တည်ပါ ။  ရေဆူလျင် ပိတောက်ပွင့်လေးတွေ တပွင့်ဆီ အသာထည့်ပြီး ပြုတ်ပါ။ စက္ကန့် ၃၀ -၄၀ လောက်ဆို ရပါပြီ။ အိုးကျပ်အောင် မထည့်ပါနဲ့။ ဇလုံထဲ ရေခဲရေ ထည့်ထားပါ။ ရေပူထဲမှ ဆယ်လာသော ပိတောက်ပွင့် များကို ရေအေးထဲ ထည့်ပါ။ ချက်ချင်း ပြန်ဆယ်ပြီး ဒုတ်တံလေးဖြင့် ဖော့တုံးပေါ် ပြန်ထိုးပြီး ရေစစ်ထားပါ။ ထန်းလျက်ရည် ပြစ်ပြစ် ဖြင့်တို့စားလျင် လိုက်ဖက်ပါတယ်။

Credit: Syi Foodgarden