Recipes | အချိုပွဲ - Desserts

ကျောက်ဖရုံယို

February 26, 2016

ကျောက်ဖရုံယို

Share this on:

ပါဝင်အစ္စည်းများ

  • အတော်လေးရင့်သော ကျောက်ဖရုံသီး – ကီလိုဝက် (၃၂ ကျပ်သားခွဲခန့်)
  • ထုချေထားသော ကျောက်ချဉ် (Alum) – လက်ဖက်ရည်ဇွန်း ၁ ဇွန်းခန်
  • ကွမ်းစားထုံး (Lime Stone or Chuna or Choona) – လက်ဖက်ရည်ဇွန်း ၁ ဇွန်းခန်
  • ရေ – 10 cups (2500 ml)
  • သကြား – 2 cups (500 ml)
  • သံပုရာရည် – လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ

ပြင်ဆင် ပြုလုပ်နည်း

  1. ရေ – 5 Cups (1250 ml) ထဲ ထုံး နှင့် ကျောက်ချဉ် ထည့်ကာ ထုံးများပျော်အောင် ဖျော်ထားပါ။
  2. လှီးပြီးသည့် ကျောက်ဖရုံသီးများကို ဖျော်ထားသည့် ထုံး၊ ကျောက်ချဉ်ရည်ထဲ ထည့်ကာ အဖုံးဖုံးပြီး ၆ နာရီခန့် ထားပါ။ (ထိုအတောအတွင်း ရေပေါ် ပေါ်နေသည့် ကျောက်ဖရုံသီးဖတ်များအတွက် ၃၊၄ ခါ အပေါ်အောက်လှန်ပြီး မွှေပေးပါ။)
  3. ၆ နာရီခန့်စိမ်ထားပြီးနောက် ထုံးများ ပြောင်စင်သွားအောင် ရေဆေး၊ ရေစစ်ထားပါ။
  4. ရေစစ်ပြီးနောက် ပွက်ပွက်ဆူနေသော ရေ – 5 cups (1250 ml)ထဲ ထည့်ပြီး အိုးအဖုံး မဖုံးပဲ High Heat ဖြင့် ၃ မိနစ် တည်ထားပါ။ (ရေပြန်ဆူလာလျှင် အနည်းငယ်မွှေပေးပါ။)
  5. ပြီးလျှင် ချက်ချင်း ရေအေးဖြင့် လုံးဝ အေးသွားသည်အထိ ဆေးကာ၊ ရေကုန်အောင် စစ်ပြီးနောက် အနည်းငယ်ခြောက်သွားအောင် paper towel (သို့) စက္ကူပေါ် ၁ နာရီခန့် ဖြန့်ထားပေးပါ။
  6. ၁ နာရီခန့် ဖြန့်ထားပြီးနောက် ကျောက်ဖရုံသီး နှင့် သကြားကို ဇလုံထဲထည့်ပြီး နှံ့သွားအောင် ခပ်ဖွဖွမွှေကာ အဖုံးဖုံးပြီး သကြားရည်များ ဖရုံသီးထဲ စိမ့်ဝင်အောင် တစ်ညအိပ်ထားပါ။ (ရေလုံးဝ မထည့်ရပါ။)
  7. နောက်တစ်နေ့မနက်တွင် ပျော်နေသော သကြားရည်နှင့် သကြားရည်များစိမ့်ဝင်နေသော ကျောက်ဖရုံသီး ကြည်ကြည်လေးများကို တွေ့ရမှာဖြစ်ပါတယ်။
  8. ထိုသကြားရည်နှင့် ဖရုံသီးဖတ်များကို မကပ်သည့်အိုးထဲထည့်ကာ Medium High Heat ဖြင့် မိနစ် ၂၀ ခန့် တည်ထားပါ။ သံပုရာရည်ကို ဖြန့်ပြီးထည့်ပေးပါ။
  9. သကြားရည်များပူပြီး အနည်းငယ် စပွက်လာလျှင် အိုးကပ်ပြီး မတူးအောင် မကြာခဏမွှေပေးဖို့ လိုပါတယ်။
  10. မိနစ် ၂၀ ခန့် (သို့) သကြားရည်များ ကော်ရည်ကဲ့သို့ ပျစ်လာသည်နှင့် Medium Low Heat သို့လျှော့ကာ တတ်နိုင်သမျှ တစ်အိုးလုံး နှံ့အောင် ခြစ်ပြီး အဆက်မပြတ်မွှေပေးပါ။ (သကြား နှင့် ကျောက်ဖရုံသီးများ အိုးဖြင့်ကပ်ကာ တူးပြီး ရွှေဝါရောင်ပြောင်းသွားတတ်၍ အိုးကို ခြစ်ပြီးမွှေပေးဖို့လိုပါတယ်။)
  11. ၃ မိနစ်ခန့်ကြာလျှင် (သို့) သကြားအတုံးအခဲများ စဖြစ်လာလျှင် (သကြားက ခပ်ထန့်ထန့်အနေအထားပါ) Low Heat သို့လျှော့ကာ ၂ မိနစ်ခန့် အဆက်မပြတ်မွှေပေးပါ။ (မွှေရတာ လွယ်ကူမြန်ဆန်စေရန် spatula ကိုပြောင်းသုံးထားပါတယ်။)
  12. သကြားများ ခပ်ထန့်ထန့်ဖြစ်မနေတော့ပဲ လုံးဝခြောက်သွားလျှင် ဆက်ပြီး မပူနေစေရန် ဒယ်အိုးမှ ဖယ်ပြီး လင်ဗန်းတစ်ချပ်ထဲ ဖြန့်ထည့်၍ အအေးခံထားပါ။
  13. အေးသွားပြီးနောက် ကြွပ်ကြွပ်လေးနှင့် သကြားရည်ဝနေသော ကျောက်ဖရုံ ယိုလေး အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ။
  14. အပိုထွက်လာတဲ့ သကြားတွေ ဘာလုပ်ရမှာလည်းမသိဖြစ်နေရင်တော့ ကျောက်ဖရုံယိုနဲ့ ရောပြီး သိမ်းထားတယ်လို့ ရပါတယ်နော်။
Credit: Chaw Su's Food Friends

Review

User Rating

5 (1 Votes)