ကျောက်ဖရုံသီးကို မြန်မာတွေ ချဉ်ရည်ဟင်းချက်ပြီး စားကြသလို အသားနဲ့ ရောပြီးလည်း ချက်ပြုတ်စားကြလေ့ ရှိပါတယ်။ ကျောက်ဖရုံသီးဟာ ဘူးသီးနဲ့ ဆင်တူပြီး ဘူးသီးထက်တော့ အခွံပိုထူတဲ့ အသီးပါ။ ပိုပြီး အထားခံပါတယ်။ အချို့နယ်တွေမှာဆိုရင် ကျောက်ဖရုံသီးကို ရင့်ပြီဆိုတာနဲ့ ခူးပြီး နှစ်ပေါက်အောင် ထားကြပါတယ်။

ကျောက်ဖရုံသီးရဲ့ စွမ်းအင်အချို့ကတော့ ဆီးကိုရွှင်စေပြီး ဝမ်းမီးကို အားကောင်းစေပါတယ်။ သွေးနဲ့ပတ်သက်တဲ့ ရောဂါတွေကို မဖြစ်ပွားအောင် ဆောင်ရွက်ပေးပြီး နှလုံးကို ငြိမ်စေပါတယ်။ ဘူးသီးထက် အရည်ရွှမ်းပြီး ဆီးအိမ်ထဲက အပူတွေကို နိုင်ပါတယ်။ ဆီးမသွားတဲ့ လူနာကို ကျောက်ဖရုံသီးအူတိုင်ကို ထုထောင်းပြီး ဆီးအိမ်ပေါ်အုံပေးခြင်းဖြင့် ဆီးသွား လွယ်စေပါတယ်။ ကျောက်ကပ်ရောဂါသည်တွေ အတွက်ကတော့ ကျောက်ဖရုံသီးကို ပါးပါးလှီးပြီး သကြားနည်းနည်းနဲ့ ရောသောက်ပေးရင် ကောင်းပါတယ်။

ကျောက်ဖရုံသီးကို ဟင်းချိုချက်သောက်လို့ ရပြီး ဆီးနီ၊ ဆီးဝါ၊ ဆီးပူတာတွေကို သက်သာစေနိုင်ပါတယ်။ အပူအပုပ်အတွက်ကတော့ မန်ကျည်းသီးနဲ့ ချက်စားလို့ရပါတယ်။ လေကြေစေပြီး ဝမ်းမှန်စေပါတယ်။ အခုလို မန်ကျည်းသီးစိမ်း ပေါ်တဲ့ရာသီမှာ မန်ကျည်းသီးစိမ်းနဲ့ ရောချက်စားရင် ကျောက်ဖရုံသီး အရသာဟာ ရှတတနဲ့အတော်စားလို့ ကောင်းပါတယ်။ ခံတွင်းမြိန်စေပြီး အပွင့်ဓာတ်ကို ရစေနိုင်ပါတယ်။

အစာမကြေလွယ်သူတွေ အနေနဲ့တော့ အများကြီး မစားသင့်ပါဘူး။ ကျောက်ဖရုံသီးဟာ အသက်ရှည်ဆေးအဖြစ် မြန်မာရှေးသမားတော်တွေကတော့ သတ်မှတ်ခဲ့ကြပါတယ်။

Ref: Swansone