ကိုရီးယားရိုးရာဟင်းရည်တွေထဲမှာ ကိုရီးယားနိုင်ငံက တောဘက်တွေက အဘွားများ ချက်သော ဒီခေါက်ဆွဲ ဆန်ပြားချက်နည်းလေးက တစ်မျိုးလေး စားကောင်းပါတယ်။ စည် ကိုရီးယားမှာနေတုန်းက လယ်ယာ စိုက်ခင်းများ စိုက်ပျိုးသော ယာခင်းများကို သွားလေ့လာတုန်းက ကိုရီးယား အဘွားရဲ့ လက်ရာလေးကို ကိုရီးယား ဝက်အူချောင်းလေး ထည့်ပြီး ပြန်လည် ပြုပြင်ထားပြီး အားလုံးအတွက် လုပ်စားလို့ ရအောင် ဖော်ပြလိုက် ပါတယ်။

ပါဝင်ပစ္စည်းများ

  • ခေါက်ဆွဲ – ၁ ထုပ် (ကိုရီးယားဂျုံခေါက်ဆွဲ)
  • ဆန်ပြား – ၂၅ဝ ဂရမ်
  • ဂေါ်ဖီထုပ်ကင်ချီ – ၁၅ဝ ဂရမ် (အနေတော်လေးတွေ လှီးထားပါ)
  • ကြက်ရိုး – ၁ ကောင်
  • ကြက်သွန်ဖြူ – ၂ မြွှာ (အခွံခွာ ဓားပြားရိုက်)
  • ကြက်သွန်နီ – ၁ လုံး (၄ ခြမ်းခြမ်း)
  • ဝက်အူချောင်းသေး – ၁၇ဝ ဂရမ် (Frankfurt Sausage ဓားဖြင့် တစ်စောင်းလေးမွန်းထားပါ)
  • ပဲပြားပျော့ – ၁ တုံး (အနေတော် အတုံးလေးတွေတုံးထားပါ)
  • ပဲပင်ပေါက် – ၁ ခွက် (ဟင်းချက်ရန်တိုင်းသောခွက်)
  • ကိုရီးယား ပဲပိစပ် – စားပွဲဇွန်း ၂ ဇွန်း
  • ကိုရီးယား ငရုတ်သီးနှစ် – စားပွဲဇွန်း ၁ ဇွန်းခွဲ
  • ဆား – လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ကိုရီးယားအသားမှုန့် – လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ (ကြက်သားမှုန့်လည်း သုံးလို့ရပါတယ်)
  • ကိုရီးယားငံပြာရည် – လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ကြက်သွန်ဖြူမြိတ် – ၃ ချောင်း (အပင်ကို သုံးပိုင်းပဲပိုင်းပါ)
  • ရွှေအပ်မှို – ၁ ထုပ် (Enokitake Mushroom) အမြစ် လှီးထုတ်ပြီး အချောင်းလိုက်ထည့်ပါ။
  • ကိုရီးယားငရုတ်သီး – ၂ တောင့် (အကွင်းလိုက်လေးတွေလှီးထားပါ)

ပြုလုပ်နည်း

    1. အိုးကြီးထဲသို့ ကြက်ရိုး၊ ကြက်သွန်ဖြူ ဓားပြားရိုက်၊ ကိုရီးယားငံပြာရည်၊ ဆားတို့ထည့်ပြီး ဆူအောင်တည်ပါ။
    2. ကြက်ရိုးပြုတ်ရည်ဆူလာလျှင် မီးဖိုပေါ်မှချပြီး အနည်းငယ်အအေးခံထားပါ။ ပြီးလျှင် အရည်များစစ်ယူထားပါ။
    3. ဇောက်နက်အိုးထဲ ခေါက်ဆွဲနှင့် ပဲပြား ကလွဲလို့ ပါဝင်ပစ္စည်းများ အားလုံးနှင့် ကြက်ပြုတ်ရည် ထည့်ပြီး ဆူအောင်တည်ပါ။ ဆူလျှင် မီးလျော့ပြီး မီးမျှင်မျှင်လေးဖြင့် ထားပြီး ကျန်ပစ္စည်းများထည့်ပြီးတည်ပါ။
    4. ခေါက်ဆွဲနူးအိလျှင် ရပါပြီ။ ဆားမြည်းကြည့်ပါ။ ပေါ့လျှင် ကိုရီးယား ပဲပိစပ်နှင့် ကိုရီးယား ငံပြာရည်သာ အဓိက ထားပြီး ထပ်ထည့်ပါ။
    5. အရည်ပျစ်တာ မကြိုက်လျှင် ကြက်ပြုတ်ရည် ထပ်ထည့်လို့ရပါတယ်။ ပူပူလေး သုံးဆောင်လျှင် ပိုကောင်းမွန်ပါတယ်။ ကိုရီးယားဟင်းရည် ပူပူလေးကို ကိုရီးယားထမင်းနဲ့ဆို သိပ်ကို လိုက်ဖက်ပါတယ်။