ပါဝင်ပစ္စည်းများ

  • ဂွေးသီးနုနု – (၁၅) ကျပ်သား
  • ပုစွန်ခြောက် – (၅) ကျပ်သား
  •  ငါးပိစိမ်းစား – ကွမ်းသီးလုံးခန့်
  • ဟင်းခတ်မှုန့် – အနည်းငယ်နဲ့
  • ကြက်သွန်ဖြူ
  • ကြက်သွန်နီ
  • ငရုတ်သီးအရောင်မှုန့်
  • ငရုတ်သီးစိမ်း
  • ဆား
  • နနွင်းမှုန့်
  • ငံပြာရည်
  • ဆီ

ပြင်ဆင်ပြုလုပ်နည်း

ဂွေးသီးကို ရေဆေးပြီး အပြင်ဘက်က အစိမ်းရောင် အခွံတွေကို နွှာပေးပါ ။ ပြီးတော့မှ အဲ့ဒီအသီးကို လေးစိတ်စိတ်ပေးပါ။ ကြက်သွန်ဖြူ ၊ကြက်သွန်နီ ၊ ငရုတ်သီးစိမ်းတို့ကို အခွံနွှာ ရေဆေးပေးထားပါ။

ငရုတ်ဆုံထဲကို ပုစွန်ခြောက်တွေထည့်ပြီး မညက်တညက်လေးရအောင် ထောင်းပေးပြီး ပန်းကန်လုံး တစ်လုံးထဲကို ပုစွန်ခြောက်မှုန့်တွေ ထည့်ပေးထားပါ ။ ပြီးလျှင် အခွံနွှာ ၊ လေးစိတ်စိတ်ထားတဲ့ ဂွေးသီးတွေကို ထည့်ပြီး ထောင်းပါ ။ အညက်မြန်အောင် ဆားအနည်းငယ်ထည့်ပြီး ထောင်းပေးပါ။ ပြီးလျှင် ဂွေးသီးတွေကို ဆယ်ယူထားပါ ။

ပီးရင်တော့ ကြက်သွန်ဖြူ ၊ ကြက်သွန်နီ နှင့် ငရုတ်သီးအရောင်မှုန့် တွေကို ထောင်းပေးပါ ။ ငါးပိစိမ်းစားကိုလည်း ပန်းကန်လုံးလေးထဲ ထည့်ပြီး ရေနွေးအကြမ်းပန်းကန်တစ်လုံးလောက်ထည့်ပြီး ဖျော်ထားပေးပါ။

အားလုံးအသင့်ဖြစ်ပြီဆိုရင်တော့ မီးဖိုပေါ် ဒယ်အိုးတင် ၊ ဆီထည့် ၊ ဆီပူလာရင် နနွင်းမှုန့်လေးခပ်၊ ပြီးရင် ထောင်းထားတဲ့ ငရုတ်သီးကြက်သွန်ကိုထည့်ပြီး ဆီသတ်ပါ ။ ကြက်သွန်စိမ်းနံ့ပျောက်ပြီဆိုရင်တော့ ပုစွန်ခြောက်မှုန့်တွေကို ထည့်ပြီး ဆက်မွှေပါ ။

ပုစွန်ခြောက်နံ့မွှေးလာပြီဆိုရင် ထောင်းထားတဲ့ ဂွေးသီးတွေကို ထည့်ပြီး အားလုံး သမအောင် မွှေပေးပါ ။ ပြီးရင်တော့ ဖျော်ထားတဲ့ ငါးပိစိမ်းစားလေးတွေကိုထည့် ၊ ဆား ၊ ဟင်းခတ်မှုန့် ၊ ငံပြာရည်နည်းနည်းထည့်ပြီး ဒယ်အိုးအဖုံးအုပ်ပြီး တည်ပေးထားပါ ။

ရေခမ်းခါနီးကျရင်တော့ ဒယ်အိုးအဖုံးကိုဖွင့်ပြီး ဟင်းအားလုံး နှံ့သွားအောင် အထက်အောက်သမအောင် မွှေပေးလိုက်ပါ ။ အပေ့ါအငံအရသာကို မြည်းပါ ။ အရသာက ကိုယ်စိတ်ကြိုက်ဖြစ်ပြီဆိုရင်တော့ ငရုတ်သီးစိမ်းတောင့်လေးတွေကို အညှာခြွေပြီး ထည့်မွှေလိုက်ပါ ။ အဲ့ဒါဆိုရင်တော့ ထမင်းမြိန်စေမယ့် ဂွေးသီးငပိချက်ချဉ်ဖြုန်းဖြုန်းလေး ရပါပြီ ။ တို့စရာအစုံအလင် ၊ ပဲပင်ပေါက်ပဲပြားကြော် ၊ ငါးမီးအုံးဗူးသီးဟင်းခါး ၊ ဝက်သားနှပ်တို့နဲ့ဆိုရင် ထမင်းပိုမြိန်စေပါတယ် ။

Credit: Lu Lu