ကြက်သားတစ်ဝက်၊ ငါးတစ်ဝက် နဲ့ စပါးလင်မပါ ။  ဆန်လှော်မှုန့် မပါတဲ့ အညာစတိုင် မုန့်ဟင်းခါးပါ။

ကုလားပဲ အစိမ်းမှုန့် များများကို ရေဖျော်ထည့်ပြီး အုန်းနိူ့ခေါက်ဆွဲလို ခပ်ပျစ်ပျစ် ချက်ရတာကြောင့် မုန့်တီဖတ်နဲ့ တွဲဖက်စားရင် မကောင်းလောက်ဘူးလို့ ထင်ခဲ့မိပေမယ့် စောစော ချက်မစားမိတာ နောင်တရ လောက်အောင် ကောင်းလှတာမို့ ချက်နည်းအတွက် ကျေးဇူးအများကြီးတင်ပါတယ်ရှင် မစု။

မုံရွာရဲ့ အနောက်ဖက်ကမ်း ညောင်ပင်ကြီးရွာက မူလ လက်ဟောင်းပါတဲ့။ မုံရွာမှာ ရောင်းရင်တော့ ဒီဟင်းရည်လေးကို မုန့်တီသုပ်နဲ့ တွဲချပေးတယ်လို့ ပြောပါတယ်။ ကြက်အကောင်လိုက် ထည့်ချက်ရင် အသားတွေကို နွှင်၊ ဆီသတ်ပြီး၊ ကျန်တဲ့ ကြက်ခြေထောက်၊ တောင်ပံ နဲ့ လည်ချောင်းရိုးလေးတွေကိုတော့ ဟင်းရည်ထဲမှာ နူးအောင်ထားပြီး ကြိုက်တတ်ရင် စားရင်းနဲ့ အရိုးပါ ကိုက်ကြပါတယ်တဲ့။

ဝက်လက်၊ ရွှေဘို၊ ကျောက်ပန်းတောင်း ၊ မြင်းခြံ ဘက်မှာလည်း ဒီလို ပုံစံမျိုး ချက်ပြီး တပင်တိုင်၊ မုန့်ဟင်းခါး အရည်ဖျော် လို့လည်း ခေါ်ကြတယ်လို့ သိရပါတယ်။

ပါဝင်ပစ္စည်းများ

  • ဆီ    –    1/2 Cup (125 ml)
  • ဂျင်း    –    လက်မအရွယ် ၁ တက် (ထောင်းထားပါ)
  •  ကြက်သွန်ဖြူ အတက်ကြီး    –    ၁၁ တက် (ထောင်းထားပါ)
  • နနွင်းမှုန့်    –     တစ်ဝက် (လက်ဖက်ရည်ဇွန်း)
  • အရောင်တင်မှုန့်    –     ၂ ဇွန်း (လက်ဖက်ရည်ဇွန်း)
  • ငါးငံပြာရည်   –   1/4 cup (60 ml)
  •  ပြုတ်ပြီး အရိုးနွှင်ကာ ချေထားသော ငါး
  •  ပြုတ်ပြီး အသားမျှင်များ ဖြစ်အောင် ဆိတ်ဆွထားသော ကြက်သား
  • ဆား    –    လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • Chicken Powder    –    လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ငါး နှင့် ကြက်သားပြုတ်ရည်    –    2000 ml
  •  ခလောက် ထားသော ကြက်ဥ    –    ၂ လုံး
  • ကုလားပဲစိမ်းမှုန့်    –    1/2 Cup (125 ml) (ရေ – 250 ml ဖြင့် ကြေအောင်ချေပြီး ဖျော်ထားပါ)
  • ငှက်ပျောအူ    –    1 Cup (250 ml) (ပါးပါးလှီးကာ နနွင်းမှုန့် အနည်းငယ် ထည့်ဖျော်ထားသည့် ရေထဲစိမ်ထားပါ။)
  • အခွံခွါ ထားသည့် ကြက်သွန်နီ ဥသေး – ၅ လုံး (ကြိုက်လျှင် ပိုထည့်ပါ)

ကြက် နှင့် ငါး ပြုတ်ရန် လိုအပ်သော ပစ္စည်းများ

  • ငါးကြင်း (သို့) အဆင်ပြေရာ ငါးခုတ်သား – ၁၅ ကျပ်သားခန့် (230 g) (ကကတစ် (Barramundi) ကို သုံးထားပါတယ်။)
  •  ကြက်ရင်ပုံ – ၁၅ ကျပ်သားခန့် (230 g) (များများချက်လျှင် တစ်ကောင်လုံး ထည့်ချက်နိူင်ပါတယ်။)
  •  ထုထားသော ဂျင်း – လက်မအရွယ် ၁ တက်
  • နနွင်းမှုန့် – လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ငါးငံပြာရည် – 1/4 Cup (60 ml)
  • Chicken Powder – လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း

ငါး ၊ ကြက်သား ၊ နနွင်းမှုန့် ၊ ငါးငံပြာရည် နှင့် ထုထားသောဂျင်း ကို ပွက်ပွက်ဆူနေသော ရေ (ပြုတ်ပြီးနောက် 2000 ml ခန့် ကျန်ရပါမယ်။) ထဲထည့်ပြီး ပြုတ်ပေးပါ ။ (ထွက်လာသည့် အမြှုပ်များကို ခပ်ထုတ်ပစ်ပါ။)

၅ မိနစ်ခန့်ကြာလျှင် (ငါးကျက်လျှင်) ငါးကို ဆယ်ထုတ် အအေးခံကာ အရိုးနွှင် ၊ အသားချေထားပါ။ ၁၀ မိနစ်ခန့်ကြာလျှင် (ကြက်သားကျက်လျှင်) ကြက်သားကို ဆယ်ထုတ် အအေးခံကာ အသားမျှင်လေးများဖြစ်အောင် ဆိတ်ဆွထားပါ။

ဆီထဲထည့်ကာ မွှေကြော်ထားသည့် ထောင်းထားသောဂျင်း နှင့် ကြက်သွန်ဖြူ ရွှေဝါရောင်သန်းလာလျှင် နနွင်းမှုန့် နှင့် အရောင်တင်မှုန့်ထည့်ကာ ၃၊၄ ချက်မွှေပါ။ ပြီးလျှင် အမှုန့်များမတူးအောင် ငါးငံပြာရည်ထည့်ပါ။

ပြုတ်ထားသော ငါး၊ ကြက်သား၊ ဆား နှင့် Chicken Powder တို့ကို ထည့်ပြီး အရည်တော်လေးခြောက်အောင် မွှေကြော်ပါ။  ပြီးလျှင် ပွက်ပွက်ဆူအောင် ပြန်တည်ထားသည့် အသားပြုတ်ရည်အိုးထဲ လောင်းထည့်ပါ။

ပြန်ဆူလာလျှင် ခလောက်ထားသော ကြက်ဥကို လောင်းထည့်ပြီး အမျှင်လေးများဖြစ်အောင် ချက်ချင်းမွှေပေးပါ။ ပြန်ဆူလာလျှင် ဖျော်ထားသော ပဲမှုန့်ရည်ကို လောင်းထည့်ကာ အတုံးအခဲများ ဖြစ်မသွားအောင် ၁ မိနစ်ခန့် မွှေပေးပါ။ (ပျစ်တာကြိုက်လျှင် ပဲမှုန့် အနည်းငယ် ပိုထည့်ပါ။)

ပြန်ဆူလာလျှင် ငှက်ပျောအူနှင့် ကြက်သွန်နီဥသေးများကို ထည့်ကာ အနည်းငယ်မွှေပေးပါ။ ပြီးလျှင် Medium Heat သို့လျှော့ကာ အိုးအဖုံး ၃ ပုံ ၁ ပုံခန့်ဟပြီး ဖုံးကာ ၁၅ မိနစ်ခန့် တည်ထားပါ။ (အောက်ခြေမကပ်အောင် နှင့် မဝေကျအောင် မကြာခဏ မွှေပေးပါ။)

မုန့်ဟင်းခါးအရည် အသင့်ဖြစ်ပြီမို့ မုန့်ဖတ်ထည့်၊ ဟင်းရည်ထည့်၊ နံနံပင်၊ သံပုရာသီး၊ ငရုတ်သီးအလှော်မှုန့် တို့ထည့်ကာ စားကောင်းလှသော အညာ မုန့်ဟင်းခါးလေး အရသာရှိစွာ သုံးဆော င်နိူင်ပါပြီ။

(ကြက်သွန်ဖြူ ဆီချက်အစား ကြက်သွန်နီပါးပါးလှီး အကြွပ်ကြော်၊ ဗူးသီးကြော် နှင့် ကြက်ဥပြုတ်များလည်း ထည့်စားနိူင်ပါတယ်။)

Credit: Chawsu Food Friends & မုံရွာသူ မစု (Chun Lay)