တောဓလေ့ရဲ့ ရနံ့တွေ သင်းထုံနေတဲ့ ကြက်သား ကာလသားဟင်း ဆိုတဲ့ ခေါင်းစဉ်ကြောင့် နည်းနည်းတော့ ထူးဆန်းတယ်လို့ ထင်ကြပါလိမ့်မယ်။ ကာလသားဆိုတဲ့ အခေါ်အဝေါ်ဟာ တောရွာဓလေ့တွေရဲ့ ချစ်စရာ အသုံးအနှုန်း တစ်ခုဖြစ်ပြီး ကြက်သားကာလသားဟင်းကလည်း ဒီအခေါ်အဝေါ်ကနေ ဆင်းသက်လာခြင်းလို့ ယူဆလို့ပါ။ တောရွာဓလေ့တွေမှာ ရပ်ရေးရွာရေး၊ သာရေးနာရေးကိစ္စတွေကို ဦးစီးဦးဆောင်လုပ်ဖို့ အတွက် အရွယ်ရောက်ပြီးသား အမျိုးသားလေးတွေက စုပြီး ကူညီလုပ်ကိုင်ပေးကြပါတယ်။ သူတို့ အစုအဖွဲ့ကို ရွာရဲ့ ကာလသားတွေကို ခေါ်ကြပြီး ရပ်ရွာရဲ့ ကောင်းကျိုးကို ဆောင်ရွက်ပြီး ကာကွယ်ပေးလေ့ ရှိကြပါတယ်။

အလှူတစ်ခု ရှိပြီဆိုတာနဲ့ အားလုံးကို ကာလသားခေါင်းက တာဝန်ယူပြီး လုပ်ကိုင်ဆောင်ရွက်သွားတတ်ကြပါတယ်။ ဟိုးတုန်းက ကာလသားတွေဟာ  ဝိုင်းဖွဲ့စားသောက်ကြဖို့ ရွာထဲက ကြက်တွေနဲ့ ဘူးသီးကို ခိုးပြီး လတ်လတ်ဆတ်ဆတ်နဲ့ မြန်မြန်ချက်စားလေ့ ရှိတယ်လို့ ရှေးလူကြီးတွေ ပြောဖူးပါတယ်။ အခုခေတ်မှာတော့ မရှိသလောက် ရှားသွားပါပြီ။ သူတို့က အမြန်ခိုးချက်စားကြတာမို့ ဘူးသီးနဲ့ ကြက်သားဟာ သိပ်နူးမနေဘဲ ကိုက်လို့ရရုံကို ရေများများနဲ့ သောက်စားလို့ ချက်ကြပါတယ်။ ဒီကနေပဲ ကြက်သားကာလသားဟင်းဆိုပြီး ပေါ်ပေါက်လာပုံရပါတယ်။ လတ်လတ်ဆတ်ဆတ်မို့ ကြက်နဲ့ ဘူးသီးရဲ့ အချိုဓာတ်ကို အပြည့်အ၀ ရကြပြီး ပူပူလောင်လောင် စားကြတာမို့ စားမြိန်စေပါတယ်။

ကြက်သားကာလသားဟင်းကို အိမ်မှာ ချက်စားမယ်ဆိုရင်တော့ လတ်ဆတ်တဲ့ ဗမာကြက် ရအောင် ဝယ်ဖို့တော့ လိုပါတယ်။ လတ်ဆတ်တဲ့ ကြက်ရဲ့ အချိုနေရာမှာ အစားထိုးဖို့ ဘယ်ဟင်းခတ်မှုန့်မှာ သုံးလို့ အရာမဝင်စေပါဘူး။ ကြက်သားကာလသားဟင်းမှာ ပါဝင်တာတွေကတော့

  • ဗမာကြက်
  • စပါးလင်
  • ငရုတ်သီးခြောက်
  • ကြက်သွန်နီ
  • ဂျင်း
  • ကြက်သွန်ဖြူ
  • ငပိ (ငံပြာရည်နဲ့ချက်လည်းရပါတယ်)
  • ငါးငံပြာရည်
  • ဆီအနည်းငယ်
  • နနွင်း
  • အရောင်တင်
  • ဘူးသီး အနေတော်
  • ဟင်းခတ်မှုန့် တို့ပဲ ဖြစ်ပါတယ်။

ချက်ပြုတ်ရာမှာတော့ အင်မတန် လွယ်ကူပါတယ်။ ကြက်သားကို ရေဆေးပြီး အရွယ်တော်လေးတွေ ခုတ်ထစ်ဖို့ လိုပါတယ်။ ဘူးသီးတွေကို အတုံးလေးတွေ တုံးထားပါ။ ဂျင်း၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ်သီးခြောက်တွေကို ညက်အောင်းထောင်းပါ။ စပါးလင်ကိုတော့ အရိုးကို အနည်းငယ်ထုဖို့ ထုံးချည်ထားပါ။ ချက်မယ့် အိုးထဲကို အကုန် ရောထည့်ပြီး ကောင်းကောင်း နယ်ပေးပါ။ ဆီကို ပါတယ်ဆိုရုံလေး ထည့်ပါ။ အဖုံးလေး လုံအောင် ပိတ်ထားပြီး မီးကိုလည်း အနေတော်ထားပါ။ အနံ့မွှေးလာပြီဆိုရင် မွှေပေးပြီး ဘူးသီးထည့်ပါ။ ခဏမွှေပေးပြီး ရေထည့်ပါ။ တစ်ချို့ကတော့ဘူးသီး မထည့်ဘဲ ချက်မယ်ဆိုရင်လည်း ရပါတယ်။ ကြက်သားအနည်းငယ် နူးလာပြီဆိုရင် ရေအနည်းငယ်ထပ်ထည့်ပြီး အရည်သောက်လို့ ရတဲ့ အနေတော် အနေအထားမှာ မီးပိတ်လို့ ရပါပြီ။

ပူနေတုန်းစားရတာ ပိုကောင်းတဲ့ အတွက် စားခါနီးရင် ထပ်နွှေးပြီးမှ စားပါ။ ရူးရှဲအရသာနဲ့ ချိုတဲ့အရသာ တစ်ပြိုင်နက်ပေးတဲ့ ဟင်းပါ။  ထမင်းမြိန်စေပြီး ငပိထောင်းလေးနဲ့ တွဲစားရင်လည်း ပိုပြီး ပြည့်စုံစေပါတယ်။

Photo Credit: Magic Myanmar