တိုးတက်လာတဲ့ ခေတ်ကြီးမှာ လူတိုင်းကိုယ်စီဟာ အလုပ်တာဝန်တွေနဲ့ အမြဲလို ရှုပ်ထွေးနေတတ်ကြပါတယ်။ အစားအစာတွေ အတွက် သီးသန့် ချက်ပြုတ်ဖို့ အချိန်မပေးနိုင်ကြတော့တဲ့ လူတွေ ပိုများလို့ လာပါတယ်။ အလွယ်အတူ အပြင်မှာ စားသောက်တဲ့ အခါ သတိမထားမိဘဲ တစ်ခုစားပြီး နောက်တစ်ခုကို ထပ်စားလိုက်တာမျိုးတွေ ဖြစ်ဖြစ် တွဲစားလိုက်တာမျိုးတွေ ဖြစ်ဖြစ် လုပ်တတ်ကြပါတယ်။ မြန်မာလူမျိုးတွေဟာ တွဲဖက် မစားသင့်တဲ့ အစားအစာများဆိုပြီး လူတိုင်းလိုလို သိကြပါတယ်။ အခု ပြောမယ့် အစားအစာတွေကတော့ မထင်မှတ်ဘဲ စားမိတဲ့ အခါ ကျန်းမာရေးအတွက် မကောင်းစေနိုင်တဲ့ အစားအစာတွေပါ။ ဖြစ်နိုင်မယ် ဆိုရင် ရေရှည်အတွက် ရှောင်ရှားသင့်ပါတယ်။

၁။ ထမင်းစားချိန်မှာ အသီးအနံှတွေကို တွဲဖက်စားသုံးခြင်း (သို့) ထမင်းစားပြီးချိန်မှာ အသီးအနှံစားသုံးခြင်း

ဒီခေါင်းစဉ်လေးကို တွေ့လိုက်တာနဲ့ ဘာလို့လဲ ဆိုတဲ့ မေးခွန်းကို အရင်ဆုံး မေးမိမှာပါ။ အဖြေက ရှိပါတယ်။ အသီးအနှံတွေဟာ အူအတွင်းမှာ ရှိတဲ့ အစာခြေဖျက်ရည်ကို စုပ်ယူမှု အားကောင်းပါတယ်။ အသီးအနှံတွေကို အသားတွေ၊ ထမင်းတွေနဲ့ ပေါင်းစားလိုက်မယ်ဆိုရင် အသီးအနှံတွေက အစာခြေဖျက်ရည်ကို စုပ်ယူလိုက်တဲ့ အတွက် အသားနဲ့ ထမင်းတွေဟာ အစာမကြေဖြစ်တော့တာပါ။ အဲ့ဒီအခါ အူနံရံတွေကို သွားပြီး ထိခိုက်စေပါတယ်။ အစာအိမ်ယောင်တာတွေနဲ့ အူယောင်တာတွေကို ဖြစ်စေတတ်ပါတယ်။ ဒါကြောင့် ထမင်းစားပြီး နာရီခြားပြီးမှသာ အသီးအနံှတွေကို စားသုံးသင့်ပါတယ်။

၂။ အသားတွေရဲ့ ပရိုတိန်းနဲ့ ကစီဓာတ် (ထမင်း)

Tara Aldar (ကမ္ဘာ့ထိပ်တန်းအာဟာရပညာရှင်) ကတော့ တိရစ္ဆာန်တွေရဲ့ ပရိုတိန်းဓာတ်နဲ့ ကာဗွန်ဟိုက်ဒရိတ် (ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ကစီဓာတ်၊ အမျှင်ဓာတ်နဲ့ သကြားဓာတ်တို့ ပါဝင်တဲ့ အစု)ကို တချိန်တည်းမှာ စားမယ်ဆိုရင် အာဟာရ အတွက် အကျိုးသက်ရောက်မှု လုံး၀ မရှိပါဘူးလို့ ဆိုထားပါတယ်။ မြန်မာတွေ အတွက် ဆိုရင်တော့ အကင်တွေနဲ့ ထမင်းပေါ့။ ဝက်သားကင်၊ အမဲသားကင်မတူညီတဲ့ အစာကြေဖျက်မှု ပုံစံတွေကြောင့် လေနဲ့ ဝမ်း ပြဿနာတွေကို ခံစားရနိုင်ပါတယ်။ တခါတလေ အကင်တွေ စားပြီးရင် ဗိုက်အောင့်နေတတ်တာတို့ ဝမ်းသွားတာတို့ ဖြစ်တတ်တာ ဒီပြဿနာကြောင့်ပါ။

၃။ သံပုရာနဲ့ ချောင်းဆိုးပျောက်ဆေး

တချို့ လုပ်တတ်ကြပါတယ်။ လည်ချောင်းယားနေလို့ သံပုရာရည်လေး သောက်လိုက်တယ်။ ပြီးတော့ မသက်သာလို့ ချောင်းဆိုးပျောက်ဆေး ထပ်သောက်တယ်ဆိုတာမျိုးတွေ ရှိပါတယ်။ ချောင်းဆိုးပျောက်ဆေးဆိုတာ အင်္ဂလိပ်ဆေးတွေပဲ အကျုံးဝင်ပါတယ်။ ဒီဆိုးကျိုးတွေကတော့ စိတ်အာရုံခြောက်ခြားခြင်းနဲ့ အိပ်မပျော်ခြင်းတို့ကို ဖြစ်စေပါတယ်။ ဒါကြောင့် ချောင်းဆိုးပျောက်ဆေး သောက်ပြီးရင် သံပုရာရည် သောက်ခြင်းကို မပြုလုပ်ဖို့ အကြံပေးလိုပါတယ်။ ဆေးကိုလည်း ဆရာဝန်ရဲ့ ညွှန်ကြားချက်နဲ့ သောက်သုံးဖို့ အကြံပေးချင်ပါတယ်။

၄။ Strachy Carbs (ကစီဓာတ်ပါတဲ့ အစားအစာတွေ ဥပမာ ထမင်း) နဲ့ ခရမ်းချဉ်သီး

ထူးဆန်းစရာပဲ။ ဘာကြောင်ပါ့လိမ့်။ ခရမ်းချဉ်သီးဟာ အက်စစ်သဘာ၀ ရှိတဲ့ အသီးတစ်မျိုးပါ။ သူ့ကို ကစီဓာတ် ကြွယ်ဝတဲ့ အစားအစာတွေနဲ့ တချိန်တည်းမှာ စားသုံးမယ်ဆိုရင်တော့ ပြဿနာ နည်းနည်း ရှိလာနိုင်ပါတယ်။ အထူးသဖြင့် ထမင်းနဲ့ အာလူးပါ။ သူတို့တွေနဲ့ ခရမ်းချဉ်သီးကို တခါတည်း တွဲစားမယ်ဆိုရင် အစာမကြေခြင်း၊ GERD (အစာအိမ်နဲ့ပတ်သက်သော ရောဂါတစ်မျိုး)နဲ့ တခြား အစာအိမ်ပြဿနာတွေကို ဖြစ်ပေါ်စေတတ်ပါတယ်။ အထူးသဖြင့် အစာအိမ်ရောဂါ အခံရှိသူတွေ သတိထားပြီး စားသုံးသင့်ပါတယ်။

၅။ Muffin နဲ့ အသီးဖျော်ရည်

Muffin နဲ့ အသီးဖျော်ရည်တွေကို သောက်မယ်ဆိုရင်တော့ အာဟာရ ဖြစ်စေမယ့်အရာတွေထက် ကယ်လိုရီတွေကို ပိုပြီး ရစေပါတယ်။ ဒီနှစ်ခုကို တွဲစားမယ်ဆိုရင်တော့ ဝိတ်ထိန်းနေတဲ့ သူတွေအတွက်တော့ အဆင်မပြေဖြစ်စေမယ့် အစားအစာပါပဲ။ တစ်ခုစီ စားရင်တော့ အကျိုးသက်ရောက်မှု နည်းပါလိမ့်မယ်။

၆။ Burger နဲ့ အာလူးကြော်

တွဲဖက်စားသောက်နေကျ အစားအစာ တစ်ခုပါ။ ဘာဖြစ်စေလဲဆိုတော့ အဝလွန်မှုကို ဖြစ်ပေါ်စေပြီး အရွယ်မတိုင်ခင် အိုမင်းစေနိုင်ပါတယ်တဲ့။

Source: healthypanda.net