ဒိန်ချဉ် ဆိုတာ မြန်မာအစားအစာ တစ်ခုတော့ မဟုတ်ပါဘူး။ အိန္ဒိယ အစားအစာတစ်မျိုးပါ။ ဒါပေမယ့် တစ်ကမ္ဘာလုံး စားသုံးကြပြီး ကြိုက်နှစ်သက်ရတဲ့ အစားအစာပါ။ ဒိန်ချဉ်က နွားနို့ကနေ ပြုလုပ်တာ များပြီး တခြား ဆိတ်နို့၊ ပဲနို့၊ ကျွဲနို့တို့ကနေ ပြုလုပ်ထားတာဖြစ်ပါတယ်။

နွားနို့နဲ့ ကျွဲနို့ကတော့ အများဆုံးပါ။  ဒိန်ချဉ်ကို သရေစာ အဖြစ် သောက်သုံးကြ သလို ဟင်းချက်တဲ့ နေရာတွေမှာလည်း သုံးကြပါတယ်။ အသားတွေ ပိုနူးလွယ်ပြီး အနံ့သင်းအောင် ဒိန်ချဉ်နဲ့ နယ်ပြီး ချက်ကြပါတယ်။

အိန္ဒိယ အစားအစာ အများစုမှာတော့ ဒိန်ချဉ်ပါ ပါတယ်။

ဒိန်ချဉ်ကို မြန်မာလူမျိုးတွေ ကြိုက်နှစ်သက်ကြပြီး ကျန်းမာရေးအရလည်း သောက်သုံးကြပါတယ်။ ဆိုင်ကြီးတွေမှာလည်း ရနိုင်သလို လမ်းဘေးဆိုင်လေးတွေနဲ့ အထမ်းသည်လေးတွေ ဆီမှာလည်း ရနိုင်ပါတယ်။

ဈေးအတင့်အသင့်ရှိပြီး စားလို့ ကောင်းတဲ့ သရေစာအဖြစ် စားသုံးကြပါတယ်။ ဒိန်ချဉ်ဟာ နို့ထွက် ပစ္စည်းဖြစ်တဲ့အတွက် ဗီတာမင်နဲ့သတ္တုဓာတ်တွေကတော့ ကြွယ်ဝစွာ ပါဝင်တယ်ဆိုတာ ငြင်းလို့မရပါဘူး။

ဒိန်ချဉ်မှာ ကိုယ်ခံအားကို မြင့်တင်ပေးစေမယ့် အကျိုးပြု ဘတ်တီးရီးယားတွေ ပါဝင်ပြီး ကယ်လ်ဆီယမ်လည်း ပါဝင်တဲ့ အတွက် သွားပိုးစားခြင်း၊ သွားနာခြင်းနဲ့ သွားကျန်းမာရေးကို အထောက်အကူပေးပါတယ်။

ကယ်လ်ဆီယမ် ပါဝင်တာကြောင့် အရိုးနဲ့ သက်ဆိုင်တဲ့ ရောဂါတွေ မဖြစ်ပွားအောင် ခုခံနိုင်အား ရှိပါတယ်။ သွေးတိုးကျစေပြီး စွဲသောက်မယ်ဆိုရင်တော့ သွေးတိုးရောဂါ လုံးဝမဖြစ်စေကြောင်း WHO က အတည်ပြုထားပါတယ်။

ဒိန်ချဉ်ကို ကိုယ်အလေးချိန် လျော့ကျချင်သူတွေ သောက်သုံးကြပြီး သူ့မှာ မကောင်းတဲ့ ကိုလက်စထရောတွေကို ကျစေပြီး ဗိုက်ပူခြင်း၊ အဆီပိုများ စုနေခြင်းတို့ကနေ လျော့ချပေးပါတယ်။ ဒိန်ချဉ်ကို လတ်ဆတ်တဲ့ အသီးတွေနဲ့ ရောပြီး သောက်သုံးတဲ့အခါ အချို သိပ်မထည့်ရင် ပိုကောင်းပါတယ်။

ဒိန်ချဉ်ကို အဆီထုတ်ပြီးသား သောက်မယ်ဆိုရင် ပိုပြီး ကျန်းမာရေးနဲ့ ညီညွှတ်စေပါတယ်။

အဆီမထုတ်ရသေးတဲ့ ဒိန်ချဉ်ကိုတော့ ကြီးထွားဖို့ လိုသူတွေ သောက်သုံးသင့်ပါတယ်။ ဝမ်းမှန်စေပြီး အူတွေရဲ့ အလုပ်လုပ်ပုံကို ကူညီပေးပါတယ်။ ကိုယ်ခန္ဒာအတွက် ကောင်းမွန်တဲ့ ပိုးမွှားတွေကို မွေးပေးပြီး ရောဂါတွေကို ခုခံဖို့ စွမ်းအားတွေ ဖြစ်စေပါတယ်။

အလှအပအတွက်လည်း ဒိန်ချဉ်ကို သုံးကြပါတယ်။ ဒိန်ချဉ်နဲ့ မျက်နှာပေါင်းတင်ပေးရင် အဆီပြန်တာ သက်သာပြီး ဝက်ခြံတွေကို ပျောက်ကင်းစေနိုင်ပါတယ်။

fruityogurt

ဒိန်ချဉ်ကို အသီးတွေနဲ့ သောက်တဲ့မြန်မာပြည်မှာတော့ ရောဖျော်ပြီး သောက်ကြပေမယ့် အနောက်နိုင်ငံတွေမှာတော့ ဒိန်ချဉ်ထဲ အသီးလေးတွေကို စိမ်ပြီး စားကြပါတယ်။

ရန်ကုန်မှာ ဒိန်ချဉ်ဆိုရင် နာမည်ကြီးတာကတော့ လှည်းကလေးနဲ့ ဒိန်ချဉ်သည် ဆိုင်ကို ပြေးမြင်ကြမှာပါ။ အခုလို နွေရာသီမှာ အထမ်းသည်လေးဆီက ထန်းလျက်နဲ့ လုပ်ထားတဲ့ အိုးကလေးနဲ့ ဒိန်ချဉ်အေးအေးလေး သောက်ရရင် အမောပြေစေပြီး လန်းဆန်းသွားစေမှာ အမှန်ပါ။

စတော်ဘယ်ရီဒိန်ချဉ်၊ သီးစုံဒိန်ချဉ် တို့ဟာ လူကြိုက်များပြီး ဒိန်ချဉ်လုပ်ထားတဲ့ အခြား အချိုပွဲတွေကိုလည်း စားသုံးကြပါတယ်။ ဒိန်ချဉ်မလိုင်၊ ဒိန်ချဉ်ကိတ်မုန့်၊ ဒိန်ချဉ်ရေခဲချောင်း စသည့်ဖြင့် သရေစာမုန့်တွေဟာ လူကြိုက်များလှပါတယ်။

ဒိန်ချဉ်ကို ဟင်းချက်တဲ့အခါ သုံးလို့ရပါသေးတယ်။ အထူးသဖြင့် အသားတွေ နူးညံ့ပြီး အရသာပိုရှိစေဖို့ ဒိန်ချဉ်နဲ့ နယ်ပြီး နှပ်ပြီး ချက်ကြပါတယ်။ ဒန်ပေါက်နဲ့ တွဲစားတဲ့ အသားတွေကို ဒိန်ချဉ်နဲ့ ဟင်းခတ်အမွှေးအကြိုင်တွေ ထည့်ပြီး ချက်ထားတာဖြစ်လို့ နူးညံ့ပြီး မွှေးနေစေတာပါ။

အသားတွေကို မချက်ခင် ၁နာရီလောက်ကြိုပြီး ဆား၊ နနွင်း၊ ဂျင်း၊ အချိုအရသာ (ကြက်သားမုန့်)၊နဲ့ ဒိန်ချဉ်ကို ရောပြီး နယ်ထားကာ နှပ်ထားရပါတယ်။

ပြီးရင် အိန္ဒိယ ဟင်းခတ်အမွှေးအကြိုင်တွေ ဖြစ်တဲ့ မဆလာ၊ ကရဝေး၊ ဖလာစေ့နဲ့ ကြက်သွန်ဖြူ၊ အရောင်တင်မှုန့်တို့နဲ့ ဆီသတ်ပြီး နှပ်ထားတဲ့ အသားတွေကို ထည့်မွှေလိုက်ရင် အနံ့မွှေးလာပြီး ရေထည့်ပြီး ချက်ရုံပါပဲ။

အနံ့ကို ပိုမွှေးစေတဲ့ အပြင် အရသာကလည်း နူးညံ့ပါတယ်။ အထူးသဖြင့် ဆိတ်သား၊ အမဲသားနဲ့ ကြက်သားတို့ကို အိန္ဒိယစတိုင် ချက်ရင် သုံးပါတယ်။

ဝက်သားတွေ အပြားလိုက်ကြော်ရင်လည်း ဒိန်ချဉ်လေးနဲ့ နှပ်ထားပြီးမှ ကြော်ရင် ပိုရဲပြီး ကြွပ်ရွစေပါတယ်။ အသားတွေကို ကင်စားတဲ့ အခါမှာလည်း ပိုပြီး မွှေးစေချင်ရင် ရှာလကာရည်အစား ဒိန်ချဉ်ကို သုံးနိုင်ပါတယ်။

အုန်းထမင်း၊ ဒန်ပေါက်၊ ထောပတ်ထမင်းနဲ့ အိန္ဒိယ အစားအစာတွေမှာ တွဲစားတဲ့ သခွားသီးချဉ်ကို ဒိန်ချဉ်အနည်းငယ် ထည့်ပြီး လုပ်ရင် ပိုစားကောင်းစေပါတယ်။

ဒိန်ချဉ်ပြုလုပ်တဲ့ အခါ လိုအပ်တာတွေကတော့ နွားနို့၊ မြေအိုး ဒါမှမဟုတ် ခွက်တစ်ခွက်ပါ။ ဒိန်ချဉ်လုပ်နည်းတွေကတော့ အများကြီးပါ။ ဒါပေမယ့် လုပ်စားတဲ့လူ ရှားပါတယ်။ ဘာကြောင့်လဲဆိုရင် နေရာတိုင်းမှာ အလွယ်တကူ ဝယ်လို့ ရနိုင်တဲ့ အစားအစာမို့ပါ။

နွားနို့တွေကို ဆူအောင် ကြိုပြီး အအေးခံမယ့် မြေအိုး ဒါမှမဟုတ် ခွက်ထဲထည့်ပြီး အအေးခံပါ။ အနည်းငယ် အေးသွားတဲ့ အခါ သံပုရာသီး ၂စက်လောက် ထည့်ပေးပါ။

၆နာရီလောက် ထားရင် ဒိန်ချင်ရပါပြီ။ ဒိန်ချဉ်ထဲကို ဆားနည်းနည်းထည့်ပြီး ကြိုက်သလို သုံးလို့ရပါပြီ။ ဒိန်ချဉ်လုပ်တဲ့ အခါ သန့်ရှင်းနေမှသာ ပိုကောင်းတဲ့ ဒိန်ချဉ်ကို ရမှာပါ။

ဒါကြောင့် ထည့်မယ့် အိုးတွေနဲ့ ကြိုချက်တဲ့ အိုးတွေကို သန့်ရှင်းဖို့ ဂရုပြုစေလိုပါတယ်။ ဒိန်ချဉ်ကို ရေခဲသေတ္တာထဲ ၃ရက်လောက်ပဲ ထားပြီး စားတာ အကောင်းဆုံးပါပဲ။

ပူအိုက်တဲ့ ရာသီဥတုကို အံတုလို့ ရင်အေးစေမယ့် ဒိန်ချဉ်တစ်ခွက် သောက်ကြရအောင်။

Credit: wiki