ချဉ်ပေါင်ရွက်ဟာ ၁၂ရာသီလုံး တွေ့ရတဲ့ အရွက်တစ်မျိုး ဖြစ်ပြီး ခံတွင်းကို မြိန်စေပါတယ်။ မြန်မာတို့ ကြိုက်နှစ်သက်တဲ့ အရွက်တစ်မျိုးဖြစ်တာကြောင့် မျက်နှာပွင့်တဲ့ အရွက်ဆိုလည်း မမှားပါဘူး။

ချဉ်ပေါင်ရွက်ဟာ ဈေးချိုတဲ့အပြင် မျိုးစုံ လုပ်ပြီး စားသုံးနိုင်ပါတယ်။ ချဉ်ပေါင်ဟင်း၊ ချဉ်ပေါင်ကြော်၊ ချဉ်ပေါင်ဟင်းချို၊ ချဉ်ပေါင်ပေါင်း တို့အပြင် အသားနဲ့လည်း တွဲပြီး ချက်ပြုတ် စားကြပါတယ်။

ချဉ်ပေါင်ပင်ဟာလည်း တစ်ပင်လုံး အသုံးချလို့ ရတဲ့ အပင်မျိုး ဖြစ်ပါတယ်။ ချဉ်ပေါင်မှာ အမျိုးအစားတွေ ရှိပါသေးတယ်။

ကုလားချဉ်ပေါင်၊ ကုလားချဉ်ပေါင်ငယ်၊ တောချဉ်ပေါင်၊ ချဉ်ပေါင်ကြီး (သို့) ချဉ်ပေါင်ခါး၊ ရွှေဘိုချဉ်ပေါင်၊ ဓာတ်ချဉ်ပေါင်၊ ကိုင်းချဉ်ပေါင်၊ ချဉ်ပေါက်လက်ကြား၊ ချဉ်ပေါင်ဖြူ ဆိုပြီး အခေါ်အဝေါ် အမျိုးမျိုး ခေါ်တွင်ကြပါတယ်။ ချဉ်ပေါငမျိုးမှာ အနီနဲ့ အဖြူဆိုပြီး ရှိပါသေးတယ်။

roselle

ချဉ်ပေါင်ရွက်ဟာ ချဉ်သော အရသာ ရှိပြီး ပူသော ဂုဏ်သတ္တိ ရှိပါတယ်။ အစာကြေဖို့ ခဲယဉ်းပေမယ့် ဝမ်းမီးကို တောက်စေပါတယ်။ အူသိမ်၊ အူမတို့ကို အကျိုးပြုပါတယ်။ ဆီးရွှင်ပြီး အဆိပ်အတောက်ကိုလည်း ပြေစေပါတယ်။ သွေး၊လေ၊ သလိပ်တို့ကို ကြေစေနိုင်တဲ့ အပြင် ဝမ်းကိုက်ရောဂါ၊ လိပ်ခေါင်းရောဂါ၊ လေနာ၊ သည်းခြေနာတို့ကို သက်သာစေနိုင်ပါတယ်။

ဗီတာမင်စီ ပေါများစွာ ပါဝင်တဲ့အတွက် ကိုယ်ခံအားကို ကောင်းမွန်စေပြီး ဆဲလ်အသေတွေကို ဖယ်ရှားပေးပါတယ်။ သွားကျန်းမာရေးနဲ့ အဆုတ်ကိုလည်း ကူညီပေးနိုင်ပါတယ်။

ချဉ်ပေါင်ရွက်ကို သွေးတိုးသမားတွေ သတိထားပြီး စားသင့်ပါတယ်။ ပန်းနာရင်ကြပ် ရှိသူတွေလည်း ဆင်ခြင်ပြီးမှာ စားဖို့ အကြံပြုပါရစေ။

Fried Roselle Leaves (Chin Baung Kyaw)

ချဉ်ပေါင်ရွက်ကို ကန်စွန်းရွက်၊ မျှစ်၊ ပဲ၊ အာလူးတို့နဲ့ ရောပြီး ချက်စားကြပါတယ်။ မျှစ်နဲ့ ရောကြော်တဲ့ ချဉ်ပေါင်ရွက်ကြော်ဟာ ခံတွင်းကို မြိန်စေပါတယ်။

ဝက်သားချဉ်ပေါင် ဆိုတဲ့ ဟင်းလျာကလည်း ဝက်သားကြိုက်သူတွေ အတွက်တော့ အကောင်းဆုံး ဟင်းတစ်ခွက်ပါပဲ။ ဈေးချိုပြီး ကောင်းကျိုးများတဲ့ ချဉ်ပေါင်ကို မကြာမကြာ စားပေးသင့်ကြောင်း မျှဝေလိုက်ရပါတယ်။