“အသီးမှာ သရက်၊ အသားမှာ ဝက်၊ အရွက်မှာ လက်ဖက်” ဆိုပြီး မြန်မာတွေ ပြောပြောနေတဲ့ စကားတစ်ခွန်းကို ကြားဖူးကြမှာပါ။ မြန်မာ့ရိုးရာယဉ်ကျေးမှုမှာ မပါမဖြစ်တဲ့အစားအစာ တစ်ခု ဖြစ်သလို မြန်မာတို့ရဲ့ ဧည့်ဝတ်ကျေပွန်မှုကို သက်သေပြတတ်တဲ့ အစားအစာ တစ်ခုဖြစ်ပါတယ်။

မြန်မာလူမျိုးတွေဟာ အိမ်ကို ဧည့်သည်လာပြီ ဆိုတာနဲ့ လက်ဖက်ရည်သောက်ပါဦး လက်ဖက်လေး စားပါဦးနဲ့ လောကဝတ် ပြုတတ်ကြပါတယ်။ ဒါဟာ မြန်မာတို့ရဲ့ ချစ်စရာ ဓလေ့ တစ်ခုပါ။

လက်ဖက် စတင်ပေါ်ပေါက်ခဲ့တာကတော့ တရုတ်နိုင်ငံဖြစ်ပြီး ဘယ်အချိန်က ပေါ်ပေါက်ခဲ့တယ်ဆိုတာကတော့ အတိအကျ ဘယ်သူမှ မပြောနိုင်ကြပါဘူး။ ဥရောပမှာတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀လောက်က စပြီး လက်ဖက်ကို အသုံးပြုလာတယ်လို့ သိရပါတယ်။ ဒါပေမယ့် အဲ့ဒီအချိန်ကာလတုန်းကတော့ လက်ဖက်ကို အထက်တန်းလွှာ အသိုက်အဝန်းကပဲ စားသုံးနိုင်တယ်လို့ သိရပါတယ်။

အခုအချိန်မှာတော့ လက်ဖက်ဟာ လူတိုင်းစားသုံးနိုင်ပြီး လူတိုင်းနီးပါး ကြိုက်နှစ်သက်တဲ့ အစားအစာတစ်မျိုး ဖြစ်နေပါပြီ။ မြန်မာပြည်မှာကတော့ “လက်ဖက်အစ တအောင်းက”လို့ အဆို ရှိပါတယ်။

တအောင်း(တအမ်းလူမျိုး)တို့ နေထိုင်တဲ့ ရှမ်းပြည်မြောက်ပိုင်းကနေ အစပြုတယ်လို့ ဆိုကြတာတွေ ရှိပါတယ်။ လက်ဖက်ရည်ကို မြန်မာတင်မက တရုတ်၊ ဂျပန်၊ အိန္ဒိယနဲ့ အင်္ဂလန်နိုင်ငံတွေမှာ အသုံးများကြပါတယ်။

လက်ဖက်ဟာ သဘာဝအလျာက် ပေါက်မယ်ဆိုရင် ပေ၃၀ခန့် မြင့်နိုင်ပါတယ်။ အခုတော့ လက်ဖက်ခြံတွေဟာ ခူးရလွယ်အောင် လေးပေနဲ့ ငါးပေ အမြင့်လောက်သာ ထားပြီး စိုက်ကြပါတော့တယ်။ ဘာကြောင့်လဲဆိုတော့ လက်ဖက်ပင်ရဲ့ အပင်မှာ အကိုင်းအခက်ထက် အရွက်များများ ပိုထွက်လာနိုင်အောင်နဲ့ လက်ဖက်ခူးသူ အများစုဟာ မိန်းမနဲ့ ကလေးတွေ ဖြစ်တာကြောင့် တစ်ပင်လုံး လက်လှမ်းမီ ခူးနိုင်ဖို့ အတွက်ပါ။

ပလိုင်းလေးတွေ ကိုယ်စီနဲ့ လက်ဖက်ခူးထွက်တဲ့ ပုံရိပ်တွေကို ရှမ်းပြည်ဘက်တွေမှာ မြင်ဖူးကြမှာပါ။ လက်ဖက်မှာ အရွက်နုလေ ကောင်းလေ ဖြစ်တာကြောင့် လက်ဖက်ခြောက်ကိုလည်း အရွက်အနုအရင့်ပေါ် မူတည်ပြီး အခေါ်အဝေါ်တွေ အမျိုးမျိုး ရှိကြပါတယ်။

1

မြန်မာတွေ အသောက်များတဲ့ လက်ဖက်ခြောက်မှာ အခါးရည် (ရေနွေးကြမ်း)နဲ့ အချိုရည် (လက်ဖက်ရည်)မှာ လက်ဖက်ပင် တစ်ပင်ထဲကပဲ ရရှိတာ ဖြစ်ပြီး ပြုပြင်ထားပုံ ကွာသွားခြင်းတာ ဖြစ်ပါတယ်။ အခုဆိုရင် အနံ့ အမျိုးမျိုးထည့်ပြီးတော့လည်း သောက်သုံးနေကြပါတယ်။

မြန်မာလူမျိုးတွေဟာ လက်ဖက်ရည်ကို သရေစာ မုန့်အဖြစ်လည်း သောက်သုံးကြသလို ဧည့်ခံပွဲတွေ အလှူ၊ မင်္ဂလာ၊ စတုဒီသာ ပွဲတွေမှာလည်း ကျွေးမွေးကြပါတယ်။လက်ဖက်ရည်ဟာ သောက်သုံးသူတွေ အပေါ် မူတည်ပြီး ဖျော်ပုံ ဖျော်နည်း ကွာသွားပါတယ်။ လက်ဖက်ခြောက်မှာ ကယ်ဖီအင်းဓာတ်နဲ့ အတူတူဖြစ်တဲ့ သီအင်းဓာတ်တစ်မျိုး ပါဝင်ပြီး ဒီဓာတ်ဟာ သောက်သုံးတဲ့ လူတွေကို စိတ်ဓာတ်ထကြွစေတဲ့ အစွမ်းရှိပါတယ်။

ကော်ဖီမှာ ပါတဲ့ အချိုးအစားထက်တော့ နဲပါတယ်။ ဒါကြောင့် တချို့လူတွေဟာ ညဘက် လက်ဖက်ရည် သောက်ပြီးရင် အိပ်မပျော်တာတွေ ဖြစ်တတ်ကြတာပါ။

2

လက်ဖက်ရည်ကို ခပ်ကျကျသောက်ရင် အကြောတွေ အတွက် ကြာရှည် မကောင်းဘူးလို့ သိရပါတယ်။ လက်ဖက်ခြောက်ကို အကြာကြီး နှပ်ထားပြီး သောက်တာထက် သောက်ခါနီးမှ နှပ်သောက်တာက ကျန်းမာရေး အတွက် ပိုကောင်းပါတယ်။ အခါးရည် သောက်သူတွေ အတွက်ကတော့ ရေနွေးထဲ ခပ်ပြီး နှပ်သောက်ကြပါတယ်။ ဒီလို နှပ်ထားရာမှာ ဓာတ်ဘူးတွေထဲမှာ ကြာကြာ နှပ်ထားပြီး သောက်ရင် ကျန်းမာရေး အတွက်မကောင်းပါဘူး။

လက်ဖက်ရည် အချိုကတော့ သကြား၊ နို့ဆီ၊ နို့စိမ်းတို့နဲ့ ဖျော်သောက်ကြပါတယ်။လီမွန်နံ့ပါတဲ့ လက်ဖက်ရည်ကိုလည်း လူသောက်များပါတယ်။ လက်ဖက်ရည် (အခါး)သောက်ခြင်းဟာ ကယ်လိုရီပါဝင်မှု နည်းပြီး အရိုးတွေကိုလည်း သန်မာစေပါတယ်။

လက်ဖက်ခြောက် အမျိုးအစားများ အကြောင်းကို မြန်မာ့စွယ်စုံကျမ်းမှာတော့ ဒီလို ဖော်ပြထားပါတယ်။

တစ်နှစ်အတွင်းထွက်သော လက် ဖက်ခြောက်အမျိုးအစားတို့မှာ

  • (၁) ရွှေဖီ အွိုင့်နမ့် (နှင်းတက်ခြောက် – ရေချိုခြောက်)
  • (၂) ရွှေဖီဦး (သင်္ကြန်မကျမီ ထွက်သည်။)
  • (၃) ရိုးရိုးရွှေဖီ (သင်္ကြန်ကျပြီးစအခါ ထွက်သည်။)
  • (၄) ခါးကန် (မိုးဦးကျခါနီး ခူးသည်။)
  • (၅) ခါးဝှပ် (မိုးဦးကျပြီးမှ ခူးသည်။)
  • (၆) ခါးနွိုင်း (မိုးတွင်းခူးသည်။)

ရွှေဖီဦး လက်ဖက်ခြောက်ကတော့ အကောင်းဆုံးပါပဲ။ မြန်မာနိုင်ငံမှာတော့ ရှမ်းပြည်နယ်ဘက်မှာ အစိုက်များကြပါတယ်။

3

မြန်မာ လူမျိုးတွေဟာ လက်ဖက်ကို (လက်ဖက်အစို)သုပ်လည်း စားကြပါသေးတယ်။ လက်ဖက်သုပ်ဟာ မကြိုက်သူ မရှိသလောက်နီးပါး ရှားပါးပါတယ်။ အရွက်မှာ လက်ဖက် ဆိုပြီး မြန်မာတို့ ပြောတတ်ကြသလို ရိုးရာပွဲတွေမှာလည်း မပါမဖြစ် ပါဝင်တဲ့ အစားအစာ တစ်ခုပါ။ လက်ဖက်အစိုကို ပဲခြမ်းကြော်၊ မြေပဲ၊ နှမ်းလှော်၊ ကြက်သွန်ကြော်၊ ဆီ၊ ဆား တို့နဲ့ သုပ်စားကြပြီး ပြောင်းလဲလာတဲ့ ခေတ်နှင့်အတူ တွဲဖက်စားသုံးမှုတွေဟာလည်း ပိုပြီး များပြားလာပါတယ်။

နေ့လည် နေ့ခင်း ဂေါ်ဖီ၊ ခရမ်းချဉ်သီး၊ ငရုပ်သီးစိမ်းလေးနဲ့ သုပ်တဲ့ လက်ဖက်သုပ်ဆိုရင် ပျိုမေတို့ အကြိုက်ဖြစ်စေမယ့် သရေစာ တစ်မျိုးပဲ ဖြစ်ပါတယ်။ လက်ဖက်တွေမှာ ကြာရှည်ခံဖို့ အတွက် ဓာတုဗေဒတွေ ပါဝင်တယ်ဆိုပြီး ဖြစ်ခဲ့ပါသေးတယ်။ နောက်ပိုင်း လက်ဖက်တွေမှာ ဓာတုဗေဒ မပါဝင်ပါ ဆိုတဲ့ စာတန်းလေးတွေကို သတိထားမိမှာပါ။ လက်ဖက်ကို ကြာကြာ ထားရင်တော့ မှိုတက် လာပါလိမ့်မယ်။ မှိုတွေကို ရေဆေးပြီး စားမယ်လို့ မတွေးပါနဲ့ စားသုံးဖို့ မသင့်တဲ့ အခြေအနေပါ။

ကဲ ..အားလပ်ရက်တွေ အိမ်မှာနေရင်း ရေနွေးကြမ်းနဲ့ လက်ဖက်သုပ် တစ်ပွဲကို စားပြီး အပန်းဖြေကြရအောင်နော်……

Ref: wikipedia
Photo Credit: www.seriouseats.com, www.quora.com, darjapan.blogspot.com