ပူတဲ့ အချိန်မှာ စားကောင်းတဲ့ အသုတ်လေးပါ။ တို့ဖူးသုတ်က အဆာပြေရော ၊ ထမင်းလွတ်လည်း စားလို့ရပါတယ်။ အချို့က တို့ဖူးသုတ်ကို ထမင်းနဲ့လည်း တွဲစားကြပါတယ်။ ချစ်သော သူငယ်ချင်း ကြိုပေးတဲ့ တိုဖူးပါ။

ပါဝင်ပစ္စည်းများ

  • မြန်မာ တို့ဖူး
  • ပဲမှုန့် အကျက်
  • မကျည်းရည်
  • ကြက်သွန်နီ
  •  ကြက်သွန်ဖြူ
  • ဆီ
  • ဆား
  • သကြားအနည်းငယ်
  • ငရုတ်သီးမှုန့်
  • ရှောက်ရွက်

ပြင်ဆင်ပြုလုပ်နည်း

တို့ဖူးက ချစ်သော သူငယ်ချင်း ကြိုပေးတဲ့ တိုဖူးပါ။ တို့ဖူးကို အတုံးရှည်လေး တုံးထားပါ။ တို့ဖူးသုတ်မှာ မကျည်းရည်က အခရာပါ။ မကျည်းရည် ထဲကိုညက်နေအောင် ထောင်းထား ကြက်သွန်ဖြူ ၁မွှာ ၊ ဆား ၊ သကြား အနည်းငယ်ထည့် ဖျော်ပါ။

ကြက်သွန်နီကို ပါးပါးလှီးပြီး ကြက်သွန်နီကြော် နှင့် ဆီချက် ချက်ထားပါ။ကြက်သွန်ဖြူ ဆီချက်လည်း ချက်ထားပါ။ (အချို့ က အသုတ်ကို ကြက်သွန်ဖြူ ဆီချက် သုံးပြီး သုတ်တာ နှစ်သက်ပြီး ၊အချို့ကလည်း အသုတ်ကို ကြက်သွန်နီ ဆီချက် သုံးပြီး သုတ်တာ နှစ်သက်ပါတယ်။

ရှောက်ရွက်ကို ပါးပါး လှီးထားပါ။ စားတော့မည်ဆိုလျင် တို့ဖူး တယောက်စာကို ပဲမှုန့် လဖက်ရည်ဇွန်း ၁ ဇွန်း ၊  မကျည်းရည်ဖျော် ထမင်းစားဇွန်ူ ၂ ဇွန်း ၊ဆီချက် ထမင်းစားဇွန်ူ ၁ ဇွန်း ၊  ငရုတ်သီးမှုန့် အနည်းငယ် ၊ ရှောက်ရွက် တို့နှင့် နှံ့အောင် ရောသုတ်ပါ။

အပေါ့ အငံ အစပ်မြည်း၍ လိုသလို ပြင်ဆင်စားနိုင်ပါတယ်။

***ကျနော်က မကျည်းရည်များများ ၊ ပဲမှုန့် နှင့် ဆီနဲနဲနှင့်သုတ်ထားတာပါ။ မိမိနှစ်သက်တာကို ပိုထည့်၍ သုတ်နိုင်ပါသည် ။

My Food Myanmar