တကယ်တော့ ၀က်ဆီဖတ်ဟာ အီတတ်တဲ့ သဘောသဘာဝရှိပါတယ်။ သာမန်အချဉ်နဲ့ သုပ်ပြန်တော့လည်း အရသာက သိပ်ပြီး မထူးခြားတာမို့ ခုလိုမျိုးလည်း စိမ်းစားငါးပိ ၊ သံပရာသီး ၊ ငရုတ်သီးစိမ်းနိုင်နိုင်တို့နဲ့ သုပ်စားကြည့်တဲ့အခါ ချဉ် ၊ ငန် ၊ စပ်အရသာလေးမို့ မအီဘဲ စားလို့ အရမ်းကောင်းလှပါတယ်။

ပါဝင်ပစ္စည်းများ

  • ၀က်ဆီဖတ် – ၂၀ ကျပ်သား
  • ငရုတ်သီးစိမ်းအတောင့် – ၂၀
  • ကြက်သွန်နီ – ၃ ဥ
  • ကြက်သွန်ဖြူ – ၂ မြွှာ
  • သံပရာသီး – တစ်လုံး
  • စိမ်းစားငါးပိ – အနည်းငယ်
  • ဆား – အနည်းငယ်
  • ဟင်းခတ်မှုန့် – အနည်းငယ်
  • နံနံပင် – အနည်းငယ်

ပြင်ဆင်ပုံ

  1. ၀က်ဆီဖတ်တွေကို အတုံးသေးသေးလေးတွေ တုံးပြီး ဆီနည်းနည်းနဲ့ ဆီပူထိုးကြော်ပါ ။
  2. ကြက်သွန်နီတွေကို ပါးပါးလှီးထားပါ ။ ငရုတ်သီးစိမ်းတွေကို ရေဆေးသန့်စင်ပြီး ရေနည်းနည်းနဲ့ ပြုတ်ထားပါ ။ ငါးပိကို ကင်ထားပါ။
  3. ပြုတ်ပြီးတဲ့ ငရုတ်သီးစိမ်းတွေကို ကြက်သွန်ဖြူ ၊ ငါးပိကင်တို့နဲ့ ရောထောင်းပါ ။
  4. အားလုံးပြီးပြီဆိုရင် ၀က်ဆီဖတ် ၊ ကြက်သွန်နီနဲ့ ငရုတ်သီးစိမ်းထောင်းတို့ကို ရောနယ်ပါ ။ နှစ်သက်ပါက ဆားနဲ့ ဟင်းခတ်မှုန့်ပါ ထည့်ပြီး ရောနယ်ပါ။
  5. နယ်လို့ ပြီးတော့မှ သံပရာသီး ညှစ်ထည့် ၊ နံနံပင် ဖြူးပြီး သုံးဆောင်နိုင်ပါပြီ ။ ငရုတ်သီးစိမ်းအတောင့် ၂၀ တောင် ထည့်ထားတာမို့ ရှူးရှူးရှဲရှဲနဲ့ ထမင်းမြိန်စေတဲ့ အရန်ဟင်း တစ်မည်ပဲ ဖြစ်ပါတယ် ။

Credit: ဗေဒါရီ