ဒီတစ်ခါမှာတော့ ကြက်သားကို တစ်မျိုးလေးပြောင်းပြီး ချက်ကြည့်ကြရအောင်နော်။ ဒါကတော့ ဆီတွေရွဲနစ်နေအောင် အီစိမ့်နေစေမယ့် ဟင်းလျာမျိုးမဟုတ်ဘဲ အသားကိုမွမွလေးလုပ်ပြီး ပြန်ကြော်ထားတာပါ။ ဒီလိုမျိုးဟင်းလျာလေးက တခါတလေမှာ အလှူမင်္ဂလာတွေမှာလည်း ထည့်သွင်းကျွေးမွေးတတ်ကြပါတယ်။ ကဲ…ဒါဆိုရင် နောက်အိမ်မှာ အလှူမင်္ဂလာရှိတဲ့အခါ ချက်နိုင်ဖို့ အခုပဲကြည့်လိုက်ပါအုံး

ပါဝင်ပစ္စည်းများ

ကြက်တစ်ကောင် – ၁ ကီလိုခွဲခန့်

ရေ – ၇၅၀ ml

ပါးပါးသေးသး လှီးထားသော ကြက်သွန်ဖြူ – ထမင်းစားဇွန်း ၇ ဇွန်း

ဆား – လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ဆီ – ဟင်းခတ်ဇွန်းကြီး ၈ ဇွန်း

ငရုတ်သီးအကြမ်းမှုန့် – ထမင်းစားဇွန်း ၄ ဇွန်း

ပြုလုပ်နည်း

အရေခွံခွာပြီး ၄ ပိုင်း ပိုင်းထားသော ကြက်တစ်ကောင် နှင့် ရေကို အိုးထဲထည့်ကာ အဖုံး ဖုံးပြီး High Heat နှင့် ပြုတ်ပေးပါ။

ရေဆူပြီး အမြှုပ်များတက်လာလျှင် အမြှုပ်များအား ခပ်ထုတ်ပစ်ပါ။ ပြီးလျှင် Medium Heat သို့လျှော့ကာ အိုးအဖုံး ဖုံးပြီး မိနစ် ၅၀ ခန့် တည်ထားပါ။

အရည်အနည်းငယ် ကျန်ကာ အသားများနူးလာလျှင် အသားများကို ဇွန်းနှင့် ထိုးခြေကာ အရိုးများကို ဖယ်ထုတ်ပေးပါ။ (ဒီအချိန်မှစပြီး အိုးအဖုံး ဖုံးရန် မလိုတော့ပါ။)

ဆီ ၊ ဆား နှင့် ကြက်သွန်ဖြူ ထည့်ကာ Medium Heat နှင့် မိနစ် ၃၀ ခန့် ကြော်ပေးပါ။ (အိုးမကပ်စေရန် နှင့် အသားများပိုကြေမွသွားစေရန် ၃ ၊ ၄ မိနစ်ခြားလျှင် ၁၀ ခါလောက် ဇွန်းနှင့် ဖိခြေမွှေကြော်ပေးပါ။)

အရည်များ လုံးဝ ခန်းကာ အသားများ မွပြီး အတော်လေး အရောင်ပြောင်းလာလျှင် ငရုတ်သီး အကြမ်းမှုန့်ကို ထည့်ပါ။

High Heat သို့ တိုးကာ ၁၀ မိနစ်ခန့် မွှေကြော်ပေးပါ။ (အောက်ပါပုံ အတိုင်း ဆီ နှင့် အသားများ ၂ ခါလောက် ပွတက်လာပြီးလျှင် မီးဖို မီးကိုပိတ်ပါ။)

ပြီးလျှင် ဆီစစ်ထားပါ။

Ready Made ကြာဇံပြုတ်ထဲ ထည့်စားစား ၊ နံနံပင် အာလူးပါမုန့် ထဲထည့်စားစား ကြိုက်နှစ် သက်သလို စားနိူင်သော အရသာ ရှိလှတဲ့ ကြက်သားမွမွ အစပ်ကြော်လေး အသင့်ဖြစ်ပါပြီ။

** နူးအိနေသော အသားကို အသားချောင်းများ တတ်နိုင်သမျှ မကျန်အောင် ဇွန်းဖြင့်ကြေအောင် ဖိချေနိုင်လေ မွလေဖြစ်ပါတယ်။

Credit: Chaw Su Food’s Friends