ကြက်သားဟင်းကို ပုံမှန်ချက်နေကြပုံစံကတော့ ဆီပြန်ဖြစ်တာများပါတယ်။ ဒီလိုမျိုးဆီပြန်ကိုပဲ အမြဲတမ်းစားရမယ်ဆိုရင် ရိုးအီလာနိုင်ပါတယ်။ ဒါကြောင့် ဒီလိုမျိုး အီတာကိုကြောက်လို့ မစားတာမဖြစ်ရအောင် ပုံစံတစ်မျိုးလေးပြောင်းချက်နိုင်မယ့် ဟင်းလျာချက်နည်းလေးကို ဖော်ပြပေးချင်ပါတယ်။ မရမ်းပြားထည့်သွင်းချက်တာဖြစ်လို့ အီမှာမကြောက်ရဘဲ စားလို့ခံတွင်းအလွန်မြိန်မှာပါ။

ပါဝင်ပစ္စည်းများ

ကြက်အရိုးအသားရောရာ ၁၀သား

ကြက်သွန်ဥနီ အနေတော် ၁ဥ

ငရုတ်သီးစိမ်း ၁၀တောင့်

စပါးလင် အနေတော် ၁ဥ

စိမ်းစားငါးပိ မန်ကျည်းစေ့ခန်

ဆနွင်း အနည်းငယ်

ဆား

ဟင်းခတ်မှုန့်

ဆီ ထမင်းစားဇွန်း ၁ဇွန်း

ရေ ၅၀၀ ml

မရမ်းပြားအိုးစိမ် ၈ပြားခန့်

နံနံပင် အနည်းငယ်

ပြင်ဆင်ပြုလုပ်နည်း

ဦးစွာကြက်သားများကို တလုပ်စာအနေတော် တုံးပါ။ ပြီးလျှင် ရေဆေးပြီး ဆနွင်း၊ ဆား၊ ငါးပိ၊ ဟင်းခတ်မှုန့်ဖြင့်ရောလူးပြီး နှပ်ထားပါ။ မွန်ဟင်းအများစုသည် အသားငါးကို ဆနွင်း၊ ဆား၊ ငါးပိဖြင့်နယ်ပြီးချက်လေ့ရှိကြသည်။

ပြီးလျှင်စပါးလင်ကို အနေတော် ပိုင်းပြီး အရင်းပိုင်းကိုကြေအောင်ထုထည့်ပါ။

ကြက်သွန်နီကို မညက်တညက် ထောင်းပါ။ မရမ်းပြားလည်းထည့်ထောင်းပါ၊ ပြီးလျှင် ငရုတ်သီးစိမ်းလုံး ကွဲထောင်းပြီး ဟင်းအိုးထဲထည့်ပါ။ ဆီထည့်ပါ။

အသားမြုပ်ရုံ ရေထည့်ပြီး ဆူအောင်တည်ပါ။ ပွက်ပွက် ဆူလာလျှင် အရေသောက် အနည်းတော်ရရန် ရေထပ်ရောပါ။ အပေါ့အငန် မြည်းကြည့်ပါ။ နံနံပင်အုပ်၍ စားသုံးရန် အသင့်ဖြစ် နေပါပြီ။

Credit: မိုးကောင်းကင်