ရုံးပတီသီးကို ထမင်းစားတိုင်း စားပေးရင် ကျန်းမာရေးအတွက် ကောင်းပါတယ်ရှင်။ ရေနွေးဖျောပြီး တို့စရာလုပ်လိုက်၊ တခါတလေကြော်စား၊ အချဉ်ရည်ဟင်းချက်လိုက်နှင့် မရိုးနိုင်ပါဘူး။

ပါဝင်ပစ္စည်းများ

ရုံးပတီသီးအကြီး ၁၀တောင့်

ငါးဖယ် ၁၀ကျပ်သား

ကြက်သွန်နီ ၃လုံး

ကြက်သွန်ဖြူ ၅မွှာ

ဂျင်း အနည်းငယ်

နနွင်းမှုန့် အနည်းငယ်

စပါးလင် ၁ပင်

ငရုတ်သီးအစိမ်းမှုန့် ထမင်းစားဇွန်း ၂ဇွန်း

ငါးငံပြာရည် ထမင်းစားဇွန်း ၁ဇွန်း

ငရုတ်သီးအစိမ်းတောင့် အနည်းငယ်

ဆီ အနည်းငယ်

ဆား အနည်းငယ်

သံပုရာသီး ၁လုံး

နံနံပင် အနည်းငယ်

ပြင်ဆင်ပြုလုပ်နည်း

စပါးလင် အရင့်ပိုင်းကို ဖယ်ပြီး အနုပိုင်းကို ပါးပါးလှီးပါ။ ပြီးလျှင် ကြက်သွန်ဖြူ၊ ကြက်သွနီ၊ ဂျင်း၊ ငရုတ်သီး အစိမ်းမှုန့်တို့နှင့် ရောပြီး ညက်အောင်ထောင်းပါ။

ဆီသတ်ရန် အတွက် နည်းနည်းချန်ထားပြီး ကျန်တာကို ငါးဖယ်နှင့် ရောပြီး စေးပိုင်သည်အထိ ထောင်းပါ။ ငါးအနံ့ပျောက်အောင် နနွင်းမှုန့် အနည်းငယ် ထည့်ပါ။ (မကြိုက်လျှင် မထည့်ပါနှင့်)

ဆား၊ ငါးငံပြာရည်တို့ထည့်ပြီး ဆက်ထောင်းပါ။ ငရုတ်သီးစိမ်းကို ပါးပါးလှီးပြီး ရောနယ်ပါ။

ရုံးပတီသီးကို ရေစင်အောင် ဆေးပြီး စစ်ထားပါ။ ပြီးလျှင် ဓားထက်ထက်ဖြင့် အလယ်နေရာကို ခွဲလိုက်ပါ။ အလယ် အူတိုင်ကို ဆွဲထုတ်ပြီး အစာသိပ်ရန်အတွက် အသာလေး လက်ဖြင့် ဟပေးပါ။

လက်ကို ဆီသုတ်လိမ်းပြီး ငါးဖယ်ထောင်းတာကို ရုံးပတီသီးထဲ အနေတော် အစာသိပ်ပါ။

အဆင့်(၂)မှ ချန်ထားသော ကြက်သွန်ထောင်းကို ဆီသတ်ပြီး အနံ့မွှေးလာလျှင် မီးအရှိန် လျှော့ပါ။ အစာသိပ်ထားသော ရုံးပတီသီးတွေ စီထည့်ပြီး ရေအနည်းငယ် ထည့်ပါ။

အရမ်းမချွဲအောင် သံပုရာရည် အနည်းငယ် ဖြန်းလိုက်ပါ။ အများကြီး မထည့်ပါနှင့်။ အဖုံးအုပ်ပြီး တည်ပါ။ ရေခမ်းပြီး ဆီပြန်ပြီဆိုလျှင် ရပါပြီ။

ရုံးပတီသီးရဲ့ချိုတဲ့အရသာရယ် ငါးဖယ်က စီးစီးထုတ်ထုတ်လေးရယ်ဆိုတော့ ချက်မလောက်တဲ့ အစားအစာလေးပါရှင်။ ထမင်းနှင့် စားတာထက် ရေနွေးလေးနှင့် မြည်းတာက ပိုကောင်းပါတယ်။

Credit: KaeKae’s Food Palace