အားလုံးပဲ မင်္ဂလာပါ။ တစ်ခါတစ်လေကြရင် မီးဖိုချောင်တွင်းဝင်ပြီးတော့ ချက်ပြုတ်ရတာဟာ တအားကို အချိန်ယူလွန်းလှပါတယ်နော်။ ဒီလိုမျိုး ဟိုချက်ဒီပြုတ်နဲ့ အချိန်တွေကုန်သွားရတာမျိုး၊ အစားအစာတွေ ပုပ်သိုးလို့ လွှင့်ပစ်ထားရတာမျိုးမဖြစ်အောင် လှည့်ကွက်လေးတွေ ပြောပြပေးချင်ပါတယ်။

အချိန်ကုန်လည်းသက်သာမယ် လွယ်ကူမြန်ဆန်စေမယ့် နည်းလမ်းကောင်းလေးတွေဖြစ်လို့ ဒီဆောင်းပါးလေးကို သေချာလေး ဖတ်ထားကြည့် လိုက်ပါနော်။

မီးဖိုချောင်ဝင်တဲ့အခါ အသုံးဝင်မယ်လို့ မျှော်လင့်ပါတယ်။

၁။ ကြက်ဥတွေ လတ်လတ်ဆတ်ဆတ်ရှိဖို့အတွက်

ဝယ်ထားပြီးသား ကြက်ဥတွေ ကြာရှည်အထားခံဖို့အတွက် ရေခဲသေတ္တာထဲမှာသိမ်းတဲ့အခါ ဟင်းသီးဟင်းရွက်ဆီလေး သုတ်ပြီးသိမ်းဆည်းပါ။

၂။ ကြက်ဥအခွံခွာလွယ်ဖို့အတွက်

ပြုတ်ထားတဲ့ ကြက်ဥ၊ ဘဲဥတွေ အခွံခွာတဲ့အခါ လွယ်ကူမြန်ဆန်စေဖို့အတွက် တစ်လုံးနဲ့တစ်လုံးတိုက်ပြီး အခွံအက်တဲ့အခါ ရေအေးထဲမှာထည့်ထားပေးလိုက်ပါ။ ပြီးရင်အေးအေးဆေးဆေး ခွာလို့ရပါပြီ။

၃။ သံပုယိုရည်တစ်စက်နှစ်စက် လိုချင်တဲ့အခါ

ဟင်းချက်ရင်းနဲ့ အချဉ်ဓာတ်လေးရစေဖို့ သံပုယိုရည်တစ်စက်နှစ်စက် အလိုရှိတဲ့အခါ တစ်ခြမ်းလုံးကြီးအလေအလွင့်မရှိရအောင် သံပုယိုသီးကို သွားကြားထိုးတံနဲ့ဖြစ်ဖြစ်ထိုးလိုက်ပြီး ညှစ်လိုက်ပါ။ ပြီးရင်တော့ အပေါက်နေရာကို တိပ်လေးနဲ့ကပ်ပြီး ရေခဲသေတ္တာထဲမှာ သိမ်းထားနိုင်ပါတယ်။

၄။ ပျော့သွားတဲ့ အာလူးကြော်တွေ ပြန်ကြွပ်အောင်

ကိုယ်ကအာလူးကြော်စားနေရင်းနဲ့ ဆက်မစားဖြစ်တော့လို့ လေသလပ်ပြီး ပျော့သွားတိုင်း မလွှင့်ပစ်လိုက်ပါနဲ့။ ပန်းကန်ပြားပေါ်မှာ မီးဖိုချောင်သုံးအဝတ်တစ်ခုတင်ပြီး အာလူးကြော်တွေတင်လိုက်ပါ။ ပြီးရင် မိုက်ခရိုဝေ့ဖ်ထဲမှာ စက္ကန့် ၃၀ လောက်အပူပေးပြီးရင်တော့ ပြန်ပြီးကြွပ်ရွသွားပါပြီ။

၅။ သပ်ရပ်တဲ့ ကြက်ဥကြော်လေးရချင်ရင်

ကြက်သွန်ဥနီခပ်ကြီးကြီးတစ်ခုကို အကွင်းလိုက်လှီးပြီးတော့ ဒယ်အိုးထဲမှာထည့်လိုက်ပါ။ ပြီးရင်တော့ ကြက်ဥကို ကြက်သွန်နီကွင်းထဲဖောက်ထည့်လိုက်ပါ။ ကြက်ဥကျက်သွားပြီဆိုရင် ကြက်သွန်နီကွင်းကိုဖယ်လိုက်ပါ။

၆။ ပုလင်းတွေစီစီရီရီသိမ်းချင်ရင်

ရေခဲသေတ္တာထဲမှာ ပုလင်းတွေကို စီစီရီရီသိမ်းထားချင်တဲ့အခါ စာရွက်ညှပ်တဲ့ကလစ်ကိုသုံးပြီးတော့ ပုံမှာပြထားတဲ့အတိုင်း သိမ်းဆည်းနိုင်ပါတယ်။

၇။ ငါးတွေကင်တဲ့အခါ ပုံမပျက်ချင်ရင်

မီးသွေးမီးဖိုကိုသုံးပြီး ငါးကင်ချင်တဲ့အခါ အကင်ပြားမှာကပ်ပြီး အသားတွေပဲ့သွားခြင်းမရှိအောင် အောက်ခြေကနေ သံပုရာသီးဖြစ်ဖြစ် သံပုယိုသီးဖြစ်ဖြစ် အခြမ်းလေးတွေလှီးပြီး ခံထားပါ။ အနံ့အရသာပိုပြည့်စုံတဲ့ ငါးကင်လေးရမှာဖြစ်ပါတယ်။

၈။ ဟင်းသီးဟင်းရွက်တွေ လတ်လတ်ဆတ်ဆတ်ရှိဖို့အတွက်

ဟင်းသီးဟင်းရွက်တွေကို ရေဆေးအခြောက်လှမ်းကာ ပလတ်စတစ်အိတ်ထဲထည့်ပါ။ လေတွေဖြည့်လိုက်ပြီး သေချည်ချည်ထားပါ။ ဒီလိုမျိုးသိမ်းဆည်းပေးမယ်ဆိုရင် စိမ်းစိမ်းဆိုဆိုရှိနေမှာဖြစ်ပါတယ်။

၉။ ဓားသွေးတဲ့အခါ

အသားငါးတွေ အသီးအရွက်တွေလှီးဖြတ်ဖို့အတွက် ဓားသွေးကျောက် ရုတ်တရက်ရှာမရဘူးဆိုရင် မြေအိုးကိုအသုံးပြုနိုင်ပါတယ်။ မြေအိုးကို အထက်အောက်ပြေင်းပြန်လှန်လိုက်ပြီး ဓားသွေးနိုင်ပါတယ်။

၁၀။ စဉ့်နှီတုံးချော်ထွက်ခြင်းမရှိအောင်

စဉ့်နှီတုံးအောက်ခြေကနေ အဝတ်စိုတစ်ခုခံထားပြီး လှီးဖြတ်မယ်ဆိုရင် ချော်ထွက်သွားမှာကို ပူစရာမလိုတော့ပါဘူး။

Source: BrightSide