မုန့်ဖုတ်စက်မရှိရင် ကိတ်မုန့်လုပ်စားဖို့က မဖြစ်နိုင်ဘူးလို့ ထင်နေကြမှာပါ။ တကယ်တော့ ရေခဲသေတ္တာရှိရုံနဲ့လည်း ကိတ်မုန့်လုပ်စားလို့ရပါတယ်။ ဒီတစ်ခေါက်မှာတော့ ချောကလက်ချစ်သူတွေအတွက် မုန့်ဖုတ်စက်မလိုတဲ့အပြင် ပါဝင်ပစ္စည်းသုံးမျိုးထဲနဲ့ လုပ်ရတာလွယ်ကူရိုးရှင်းတဲ့ ချောကလက်ကိတ်ပြုလုပ်နည်းကို မျှဝေပေးလိုက်ပါတယ်။

ချောကလက်ကိတ်ပြုလုပ်ဖို့ လိုအပ်တဲ့ပါဝင်ပစ္စည်း သုံးမျိုးကတော့ ဘီစကွတ်၊ ချောကလက်သေးသေးလေးတွေဖြစ်တဲ့ Chocolate Chips နဲ့ Heavy Cream တို့လိုပါတယ်။ သုံးမျိုးလုံးကို City Mart တွေနဲ့ ကိတ်မုန့်လုပ်တဲ့ပစ္စည်းတွေရောင်းတဲ့ဆိုင်တိုင်းမှာ ဝယ်ယူနိုင်ပါတယ်။

စတင်ပြုလုပ်ဖို့အတွက် ပန်းကန်ထဲကို Heavy Cream – ခွက်တစ်ခွက်စာ ထည့်ပါ။ ချောကလက် သေးသေးလေးတွေဖြစ်တဲ့ Chocolate Chips – တစ်ခွက်ခွဲစာကိုလည်း ထည့်မွှေပါ။

နောက်ထပ်ပန်းကန်လုံးထဲကို Heavy Cream – ခွက်တစ်ခွက်စာထည့်ပြီး မွှေစက်နဲ့မွှေပေးပါ။ ဒီတိုင်းမွှေလည်းရပေမယ့် ပျစ်သွားတဲ့အထိ အချိန်တော်တော်ကြာမွှေပေးရမှာဖြစ်လို့ မွှေစက်နဲ့မွှေတာက ပိုအဆင်ပြေပါတယ်။ ပျစ်သွားအောင်မွှေပြီးတာနဲ့ ပထမဆုံးမွှေထားတဲ့ ချောကလက်တွေကို ရောထည့်ပြီး မွှေပေးပါ။

အားလုံးပြီးသွားတဲ့အခါမှာတော့ ဘူးအကြီးထဲကို ဘီစကွတ်တွေ ပုံမှာပြထားတဲ့အတိုင်း တန်းစီထည့်ပေးပါ။ အပေါ်ကနေ ခုနကမွှေထားတဲ့ ချောကလက်တွေနည်းနည်းထည့်လိုက်ပါ။ အပေါ်ကနေ ဘီစကွတ်တွေထပ်တင်ပါ။ ပြီးရင် ချောလက်တွေထပ်တင်ပေးပါ။ ဘူးပြည့်သွားတဲ့အထိ ဒီလိုပဲလုပ်သွားပေးပါ။

အားလုံးထည့်ပြီးရင်တော့ အပေါ်ကနေ ချောကလက်အသေးလေးတွေဖြစ်တဲ့ Chocolate Chips တွေကို ဖြူးပေးပါ။ ပြီးရင်တော့ ရေခဲသေတ္တာထဲမှာ အနည်းဆုံး ၄ နာရီကြာအောင် ထည့်ထားပေးရပါမယ်။

ရေခဲသေတ္တာထဲကထုတ်တာနဲ့ ဓားနဲ့လှီးပြီးအသင့်စားသုံးနိုင်တဲ့ ချောကလက်ကိတ်ကို ရရှိသွားပါပြီ။

Photo Source: www.yummyph.com