ကလေးအရွယ်မှာ အရိုးသန်မာကြံ့ခိုင်နေခြင်းက သူတို့လေးတွေအသက်ရွယ်ကြီးလာတဲ့အခါ ကျန်းမာကြံ့ခိုင်တဲ့ အရိုးကျန်းမာမှုကိုရရှိဖို့အတွက် အခြေခံအုတ်မြစ်ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် အရိုးသိပ်သည်းဆကို ကလေးအရွယ်နဲ့ ဆယ်ကျော်သက်အရွယ်မှာ တဖြည်းဖြည်း တည်ဆောက်သွားရတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ အရိုးဖွံ့ဖြိုးမှုက အသက်၂၀ အရွယ်မှာရပ်တန့်သွားပြီး အသက်ကြီးလာတာနဲ့အမျှ အရိုးတွေက တဖြည်းဖြည်း အားနည်းသွားပါတယ်။ ငယ်ရွယ်စဉ်မှာ အရိုးကျန်းမာကြံခိုင်တဲ့ကလေးတွေက အသက်ကြီးလာတဲ့အခါ အရိုးနဲ့ပတ်သက်တဲ့ရောဂါကို ခံစားရနိုင်ချေ နည်းပါးပါတယ်။

မိဘတွေအနေနဲ့ ကိုယ့်ရဲ့ သားသားမီးမီးလေးတွေရဲ့ အရိုးများ ကျန်းမာသန်စွမ်းဖို့ ကယ်လ်စီယမ်ဓာတ်၊ ဗီတာမင်ဒီဓာတ်တို့ကို လိုအပ်သော ပမာဏရရှိအောင် ဖြည့်ဆည်းပေးခြင်း၊ အရိုးကျန်းမာစေမယ့် ကိုယ်လက်လှုပ်ရှားအားကစား ပြုလုပ်စေခြင်းတို့ကို ဂရုစိုက်ပေးသင့်ပါတယ်။

၁။ ကယ်လ်စီယမ်ဓာတ်မြင့်မားစွာ ပါဝင်တဲ့အစားအစာတွေကို ဖြည့်တင်းပေးပါ။

အရိုးကျန်းမာရေးအတွက် ကယ်လ်စီယမ်ဓာတ်က မရှိမဖြစ်လိုအပ်တဲ့ သတ္တုဓာတ်တစ်မျိုးပဲဖြစ်ပါတယ်။ ကယ်လ်စီယမ်ဓာတ်ကို နို့နှင့်နို့ထွက်ပစ္စည်းများ၊အခွံမာသီးများ၊ပဲအမျိုးမျိုး၊အစိမ်းရောင်ဟင်းသီးဟင်းရွက်များမှရရှိပါတယ်။

၂။ ဗီတာမင်ဒီကြွယ်ဝသော ဖြည့်စွက်စာများကို ဖြည့်တင်းပေးပါ။

အရိုးအတွက်လိုအပ်တဲ့ကယ်လ်စီယမ်ဓာတ်ကိုစုပ်ယူနိုင်ဖို့အတွက်ဗီတာမင်ဒီကကူညီပံ့ပိုးပေးပါတယ်။  ကလေးအများစုက ဗီတာမင်ဒီကြွယ်ဝတဲ့အစားအစာတွေကို မစားသုံးချင်ကြပါဘူး။ ဗီတာမင်ဒီက အရိုးကျန်းမာရေးအတွက် အရေးကြီးတဲ့အတွက်ကြောင့် ကလေးတွေစားသုံးမယ့်အစားအစာထဲမှာ မဖြစ်မနေထည့်ပေးသင့်ပါတယ်။

၃။ ကလေးတွေကို လှုပ်လှုပ်ရှားရှား အားကစားပြုလုပ်ခိုင်းပါ

လှုပ်ရှားမှုများတဲ့အခါ ကြွက်သားတွေသန်မာလာသလိုပဲ အရိုးအတွက် လေ့ကျင့်ခန်းပြုလုပ်ပေးတဲ့အခါမှာလည်း အရိုးလေးတွေသန်မာလာပါလိမ့်မယ်။ လမ်းလျှောက်ခြင်း၊ပြေးခြင်း၊ခုန်ခြင်းစတဲ့လေ့ကျင့်ခန်းတွေကအရိုးကျန်းမာရေးအတွက်အထောက်အကူပြုပါတယ်။ သင့်ကလေးက တစ်နေ့ကိုအနည်းဆုံးတစ်နာရီခန့် ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်း ပြုလုပ်အောင် ဂရုစိုက်ပေးပါ။