ရခဲလှတဲ့ လူ့ဘဝကြီးမှာ သက်ရှည်ကျန်းမာစွာနဲ့ ပျော်ပျော်ပါးပါးနေထိုင်နိုင်ခြင်းက လာဘ်ကြီးတစ်ပါးလို့ ဆိုရမှာပါပဲ။ ဒီလို ကျန်းကျန်းမာမာ ပျော်ပျော်ရွှင်ရွှင်နေထိုင်နိုင်ဖို့အတွက် ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ်ပေးဖို့လိုအပ်သလို၊ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့အစားအသောက်များ စားသုံးခြင်း၊ အဆီအဆိမ့်များ လျော့စားခြင်း စသည့် အလေ့အထများ ပြုကျင့်ပေးဖို့လိုအပ်ပါတယ်။

ရေငတ်တဲ့အချိန်မှာ အချိုဓာတ်များတဲ့ အချိုရည်များ သောက်သုံးခြင်းကိုလည်း ရှောင်ကြဉ်ပေးဖို့ လိုအပ်ပါသေးတယ်။ ဓာတုပစ္စည်းများ ပါဝင်တဲ့ အချိုရည်များ သောက်သုံးမယ့်အစား အခုဖော်ပြပေးသွားမယ့် သဘာဝဖျော်ရည်များကိုသာ သောက်သုံးပေးလိုက်ပါ။ ကျန်းမာရေးအတွက် ရာနှုန်းပြည့်အထောက်အကူပြုတယ်ဆိုတာကိုတော့ အာမခံပါတယ်။

ပင်စိမ်းဖျော်ရည်

လိုအပ်မယ့် ပစ္စည်းတွေကတော့ ပင်စိမ်းရွက် ၁၀ ရွက်နဲ့ ရေ တစ်လီတာပဲဖြစ်ပါတယ်။ ရေတစ်လီတာထဲသို့ ပင်စိမ်းရွက် ၁၀ ရွက်ထည့်ပြီး ၇ မိနစ်ခန့် စောင့်လိုက်ပါ။ ၇ မိနစ်ခန့်ကြာရင်တော့ ထိုရေတွေကို သောက်သုံးလို့ရပါပြီ။ ဒီပင်စိမ်းဖျော်ရည်သောက်သုံးခြင်းကြောင့် ရရှိမယ့် ကျန်းမာရေးအတွက် အကျိုးကျေးဇူးတွေကတော့ အစာချေစနစ်ကို ကောင်းမွန်စေခြင်းပဲဖြစ်ပါတယ်။

ပန်းသီး သစ်ကြံ့ပိုးခေါက်ဖျော်ရည်

ပန်းသီးအနီရောင် ၄ ပုံ တစ်ပုံခန့်၊ ၂ လက်မအရွယ်အစားရှိတဲ့ သစ်ကြံ့ပိုးခေါက် ၂ ချောင်းနဲ့ ရေတစ်လီတာတို့ လိုအပ်ပါတယ်။ သစ်ကြံ့ပိုးခေါက်ကို ရေထဲမှာ တစ်ညစိမ်ထားပေးရမှာပါ။ နောက်တစ်နေ့မနက် မိုးလင်းတဲ့အခါ အနေတော်အတုံး တုံးထားတဲ့ ပန်းသီးကို ထိုရေထဲမှာ မိနစ် ၂၀ ခန့် စိမ်ထားပေးလိုက်ပါ။ ပြီးရင်တော့ ပန်းသီး သစ်ကြံ့ပိုးခေါက်ဖျော်ရည်ကို အလွယ်တကူသောက်သုံးနိုင်ပါပြီ။ ဒီဖျော်ရည်ကို သောက်သုံးပေးခြင်းအားဖြင့် ကိုလက်စထရောပမာဏကို ထိန်းညှိပေးခြင်း၊ ကင်ဆာရောဂါမဖြစ်ပွားအောင် တားဆီးပေးခြင်း၊ နှလုံးသွေးကြောကျဉ်းရောဂါ မခံစားရအောင် ကူညီပေးခြင်း၊ ဒါ့အပြင် သစ်ကြံ့ပိုးခေါက်က ကိုယ်အလေးချိန်ကျအောင်လည်း ကူညီပေးပါသေးတယ်။

လိမ္မော်သီးနဲ့ ချင်းဖျော်ရည်

လိမ္မော်သီး တစ်ခြမ်းနဲ့ တစ်လက်မအရွယ်အစားရှိတဲ့ ချင်း၊ ရေ တစ်လီတာခန့်တို့ လိုအပ်ပါမယ်။ ချင်းကို ဓားလေးနဲ့ ပြားသွားအောင် ဖိလိုက်ပါ။ လိမ္မော်သီးကို ပါးပါးလှီးပြီး ရေကရားထဲ ထည့်ထားပြီး ရေခဲသေတ္တာထဲမှာ ထားထားပါ။ ၂ နာရီခန့်ကြာမှ ရေခဲသေတ္တာထဲက ထုတ်ပြီး သုံးဆောင်နိုင်ပါတယ်။ လိမ္မော်သီးက Antioxidant နဲ့ ဗီတာမင် စီတို့ ကြွယ်ဝစွာပါဝင်တဲ့အတွက်ကြောင့် နှလုံးကျန်းမာရေးအတွက် အထူးသင့်တော်ပြီး ချင်းကတော့ ကြွက်သားများနာကျင်ကိုက်ခဲခြင်း၊ ဆီးချိုရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါတို့မှ ကာကွယ်ပေးပါတယ်။

စပျစ်သီးနဲ့ သံပုရာသီးဖျော်ရည်

စပျစ်သီးအမဲ ၁၅ လုံး၊ သံပုရာသီး ၁ လုံးနဲ့ ရေ ၁ လီတာတို့ လိုအပ်ပါမယ်။ စပျစ်သီးများကို တစ်ဝက်စီ ထက်ခြမ်းပေးပါ။ သံပုရာသီးကိုလည်း ခပ်ပါးပါးလှီးပြီး ရေကရားထဲမှာ မိနစ် ၂၀ ခန့် စိမ်ထားပါ။ ပြီးရင်တော့ တစ်နေ့တာလုံး သောက်သုံးပေးနိုင်ပါပြီ။ စပျစ်သီးအမဲရောင်က ကင်ဆာဆဲလ်များကို ဖယ်ရှားပေးပြီး ကိုလက်စထရောပမာဏကို လျော့ကျစေပါတယ်။ ဗီတာမင် စီ ကြွယ်ဝစွာပါဝင်တဲ့ သံပုရာသီးကတော့ အစာချေစနစ်ကို ကောင်းမွန်စေပြီး အအေးမိ ဖျားနာခြင်း မဖြစ်ပွားအောင် ကာကွယ်ပေးပါတယ်။ ဒါတင်မကသေးပါဘူး။ အဆစ်ရောင်ရောဂါနဲ့ ဆံပင်ကျွတ်ခြင်းမှလည်း ကာကွယ်ပေးပါတယ်။

Source: Stylecraze.com