ပိုးသားလေးလို နူးညံ့ပျော့ပျောင်းတဲ့ဆံကေသာကို လူတိုင်းပိုင်ဆိုင်ချင်ကြပေမယ့် လူနည်းစုလောက်ကသာ နူးညံ့ပျော့ပျောင်းတဲ့ ဆံကေသာ ပိုင်ရှင်တွေဖြစ်ကြတာပါ။ ပူပြင်းတဲ့နေရောင်ခြည်ဒဏ်၊ ညစ်ညမ်းတဲ့ ဖုန်မှုန့်နဲ့ လေထုတို့ကြောင့် ဆံကေသာပျက်စီးတတ်သလိုပဲ ဆံကေသာ ကျန်းမာရေးအတွက် အထောက်အကူပေးနိုင်တဲ့ အစားအသောက်များ မစားသုံးတဲ့အခါမှာလည်း ဆံကေသာပျက်စီးကြမ်းတမ်းတတ်ပါတယ်။

ဒါဆိုရင် ဆံကေသာနူးညံ့ပျော့ပျောင်းပြီး ထူထဲလှပဖို့အတွက် ဘယ်လိုအစားအသောက်များ စားသုံးသင့်သလဲ။

ကြက်ဥစားသုံးပါ။

ကျန်းမာသန်စွမ်းတဲ့ဆံကေသာဖြစ်ဖို့ ပရိုတိန်းဓာတ်လိုအပ်တာကြောင့် ပရိုတိန်းဓာတ်ကြွယ်ဝတဲ့ ကြက်ဥကို နေ့စဉ်မှန်မှန်စားသုံးပေးပါ။

ဟင်းနုနွယ်နဲ့ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်များ

သံဓာတ်ကလည်း သင့်ဆံပင်ဆဲလ်လေးတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ သတ္တုဓာတ်တစ်မျိုးပဲဖြစ်ပါတယ်။ ဆံပင် မကြာခဏကျွတ်ခြင်းက သံဓာတ်အားနည်းတာကြောင့်ပါ။ သင့်ခန္ဓာကိုယ်ထဲမှာ သံဓာတ်အားနည်းတဲ့အခါ အောက်ဆီဂျင်နဲ့ အာဟာရဓာတ်များကို ဆံပင်အမြစ်ဆီသို့ မပို့ဆောင်နိုင်တဲ့အတွက်ကြောင့် ဆံကေသာများ အားနည်းလာရပါတော့တယ်။

ဗီတာမင် စီဓာတ်ကြွယ်ဝတဲ့ ရှောက်သီး၊ သံပုရာသီး၊ သံပုရိုသီးများ

သံဓာတ်များကို စုပ်ယူနိုင်ဖို့အတွက် ဗီတာမင် စီဓာတ် လိုအပ်တာကြောင့် ဗီတာမင်စီဓာတ်ကြွယ်ဝတဲ့ သစ်သီးများ စားသုံးပေးပါ။ သံပုရာသီး တစ်နေ့တစ်လုံး မှန်မှန်စားသုံးခြင်းက ဗီတာမင် စီဓာတ်လုံလောက်စွာ ရရှိနိုင်တယ်လို့ အာဟာရပညာရှင်များက ပြောကြားထားပါတယ်။

မုန်လာဥနီ

ဆံပင်အရှည်မြန်ချင်သူများအနေနဲ့ မုန်လာဥဖျော်ရည်ကို တစ်နေ့တစ်ခွက် မှန်မှန်သောက်သုံးပေးပါ။ ဆံပင်ဆဲလ်လေးတွေ ကျန်းမာသန်စွမ်းပြီး အရှည်မြန်စေဖို့အတွက် ဗီတာမင် အေဓာတ်လိုအပ်တဲ့အတွက်ကြောင့် မုန်လာဥနီကို မှီဝဲစားသုံးပေးခြင်းက ဆံပင်အမြစ်များကို သန်စွမ်းစေပါတယ်။

ထောပတ်သီး

ဗီတာမင် အီးက သွေးလှည့်ပတ်မှုကို ကောင်းမွန်စေပြီး ဆံပင်အရှည်မြန်ဖို့အတွက် ဆံပင်မွှေးညှင်းပေါက်များ ကောင်းစွာ အလုပ်လုပ်နိုင်အောင် ကူညီပေးပါတယ်။ ဒါတင်မကသေးပါဘူး။ ထောပတ်သီးမှာ ပါဝင်တဲ့ ဗီတာမင် အီးက နှလုံးကျန်းမာရေးအတွက်လည်း ကောင်းမွန်တာကြောင့် ထောပတ်သီးဖျော်ရည်သောက်သုံးတာပဲဖြစ်ဖြစ်၊ ထောပတ်သီးခလောက်စားတာပဲ ဖြစ်ဖြစ် စားသုံးပေးနိုင်ပါတယ်။

Source: food.ndtv.com