ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသောက်မှုပုံစံနဲ့ လူနေမှုဘဝအတွက် လတ်လတ်ဆတ်ဆတ်ရှိတဲ့အစားအသောက်တွေကို စားသုံးပေးဖို့ကလည်း တစိတ်တပိုင်းပါဝင်နေပါတယ်။ ဈေးဆိုင်တွေကိုသွားပြီး အရသာရှိတဲ့အစားအသောက်တွေကို ဝယ်ယူလိုက်ပြီးပြီဆိုတာနဲ့ အိမ်ရောက်တဲ့အခါ ဖြစ်ကတတ်ဆန်းထားတတ်ကြပြီး အလုပ်ရှုပ်တာကြောင့် မေ့သွားတတ်ပါတယ်။ အချိန်ကြာလို့ ရေခဲသေတ္တာဖွင့်လိုက်တဲ့အခါ အသီးအနှံတွေနဲ့ ဟင်းသီးဟင်းရွက်တွေက အမှည့်လွန်သွားပြီး ပုပ်နေတဲ့အနံ့တွေက ထောင်းခနဲထလာတာကို အမြဲလိုလိုတွေ့ကြုံနေရမှာပါ။

ဒါကြောင့် အသီးအနှံတွေနဲ့ ဟင်းသီးဟင်းရွက်တွေကို ကြာကြာခံအောင် ဘယ်လိုထားရမလဲဆိုတဲ့ နည်းလမ်းကောင်းလေးတွေကို လူတိုင်းသိရှိနိုင်စေဖို့ ဖော်ပြပေးလိုက်ရပါတယ်။

ရက်ပိုင်းအတွင်း စားဖြစ်မယ့်ပမာဏကိုပဲ ဝယ်ယူပါ။

တပတ်ထပ်ပိုပြီးမခံမယ့် အစားအစာတွေကို ကြိုတင်မဝယ်ယူထားပါနဲ့။ အမြစ်ပါတဲ့ အချို့ဟင်းသီးဟင်းရွက်တွေက သေချာထိန်းသိမ်းမယ်ဆိုရင် တစ်လခံနိုင်ပေမယ့်လည်း ပိုပြီးနုနယ်လတ်ဆတ်တဲ့ အသီးအနှံတွေနဲ့ ဟင်းသီးဟင်းရွက်တွေကတော့ ၂ ရက်ကနေ ၅ ရက်အထိပဲ ခံနိုင်ပါတယ်။ ဒါကြောင့် မလိုအပ်ဘဲ အများအပြားမဝယ်ထားဖို့ အကြံပေးချင်ပါတယ်။

အစားအသောက်တွေကို ပုံစံမပျက်သိမ်းဆည်းပါ။

သစ်သီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေကို လှီးဖြတ်လိုက်ခြင်းက ဆဲလ်တွေကိုဖျက်ဆီးလိုက်သလိုပါပဲ။ ဒါကြောင့် အသားကိုမပျက်ဆီးစေဘဲ ရိုးတံကိုလည်းပကတိအတိုင်းထားပေးပါ။

လေလုံတဲ့အိတ်တွေထဲမှာ မထည့်ထားပါနဲ့။

လေဝင်လေထွက်လုံးဝမရှိတဲ့ အိတ်တွေထဲမှာ သစ်သီးတွေနဲ့ဟင်းသီးဟင်းရွက်တွေကို ထည့်သိမ်းခြင်းက ပုပ်သိုးသွားမယ့်နှုန်းထားကို မြန်ဆန်သွားစေနိုင်ပါတယ်။

အမြစ်ပါသည့်ဟင်းသီးဟင်းရွက်တွေကို အေးမြမှောင်မိုက်ပြီး ခြောက်သွေ့တဲ့နေရာမှာ သိမ်းဆည်းပါ။

အာလူးတို့လို အမြစ်ရှိတဲ့ဟင်းသီးဟင်းရွက်တွေကို သေသေချာချာသိမ်းဆည်းထားမယ်ဆိုရင် တစ်လနီးပါးခံနိုင်ပါတယ်။ အာလူးတွေကို ရေခဲသေတ္တာထဲ ထည့်သိမ်းခြင်းက သကြားဓာတ်ကိုမြှင့်သွားစေနိုင်တာကြောင့် ဘယ်တော့မှ မသိမ်းဆည်းပါနဲ့။

သူ့အမျိုးအစားနဲ့သူ သိမ်းဆည်းပါ။

အချို့ဟင်းသီးဟင်းရွက်တွေဟာ ethylene gas လို့ခေါ်တဲ့ မှည့်ဝင်းခြင်းကိုဖြစ်စေတဲ့ ဂတ်စ်တွေကို ထုတ်လွှတ်ပေးလို့ အနီးအနားရှိ အသီးအနှံတွေ၊ ဟင်းသီးဟင်းရွက်တွေကို အချိန်မြန်မြန် ပုပ်သိုးသွားစေနိုင်ပါတယ်။ ဒါကြောင့် ထိုကဲ့သို့အစားအစာတွေကို တသီးတသန့်ထားပေးပါ။ အသီးအနှံတွေနဲ့ အစိမ်းရောင်အရွက်တွေကို တစုတဝေးတည်းထားမယ်ဆိုရင် အစိမ်းရောင်အရွက်တွေကို ရက်အနည်းငယ်အတွင်း အဝါရောင်ပြောင်းသွားစေနိုင်ပါတယ်။