သွေးတိုးလိုက်ရင် ခန္ဓာကိုယ်ထဲက တခြားအစိတ်အပိုင်းတွေပါ ထိခိုက်နိုင်တာကြောင့် အရမ်းကို အရေးကြီးပါတယ်။ ဒါ့ကြောင့် ကိုယ်သောက်မယ့် အရည်တွေကို ဂရုစိုက်သင့်ပါတယ်။

သွေးတိုးရောဂါရဲ့ အန္တရာယ်များ

သွေးတိုးစေတဲ့ သောက်စရာ အရည်များ

သွေးတိုးရောဂါက ခန္ဓာကိုယ်က လက္ခဏာတစ်ခုမှ မပြစေဘဲ ထိခိုက်နိုင်ပါတယ်။ ဒါ့ကြောင့် အသံတိတ်လူသတ်သမားလို့တောင် တင်စားကြပါတယ်။ သွေးတိုးဖြစ်ပြီးသွားရင် နှလုံးရောဂါပါလိုက်ဖြစ်နိုင်တာကြောင့် ဘဝရဲ့ အနှစ်သာရကိုတောင် ဖျက်ဆီးနိုင်ပါတယ်။

သွေးလွှတ်ကြောတွေ ထိခိုက်

သွေးမတိုးရင် သွေးလွှတ်ကြောတွေက ချုံ့နိုင်ဆန့်နိုင်တဲ့ အခြေအနေရှိပေမယ့် သွေးတိုးလာရင် သွေးလွှတ်ကြောတွေ ကျဉ်းလာတာမျိုး ထိခိုက်တာမျိုးဖြစ်နိုင်ပါတယ်။

သွေးလွှတ်ကြောအတွင်းက ဆဲလ်နံရံတွေကို ထိခိုက်လာပြီး နံရံတွေပိုထူလာတာမျိုးဖြစ်လာတတ်ပါတယ်။

အဆီဓာတ်ပါဝင်တဲ့ အစားအစာတွေစားသုံးတာများရင်လည်း သွေးကြောထဲ အနယ်ထိုင်ကာ သွေးကြောကျဉ်းလာတတ်ပါတယ်။

ဒီလိုအခြေအနေမျိုးမှာ သွေးတိုးလိုက်ရင် လေဖြတ်တာ၊ ဦးနှောက်သွေးကြောပေါက်တာတို့ဖြစ်နိုင်ပါတယ်။

နှလုံး

သွေးဖိအားမြင့်နေရင် နှလုံးကို ထိခိုက်နိုင်ပါတယ်။ နှလုံးက သွေးတွေကို တကိုယ်လုံးရောက်အောင် လုပ်ဆောင်ပေးတာဖြစ်ပါတယ်။

သွေးတိုးကြောင့် သွေးစီးဆင်းဖို့ ပိုခက်လာလေ၊ နှလုံးက အလုပ်ပိုအလုပ်လုပ်ရပြီး ရင်ဘတ်အောင့်တာ နှလုံးရုတ်တရပ် ရပ်တန့်တာမျိုးဖြစ်နိုင်ပါတယ်။

သွေးတိုးစေတဲ့ သောက်သုံးစရာ အရည်များ

ရေဓာတ်ဖြည့်အချိုရည်များ

ရေဓာတ်ဖြည့်အချိုရည်တွေက ကုန်ဆုံးသွားတဲ့ ရေဓာတ်ကို ပြန်လည်ဖြည့်ဆည်းဖို့ရည်ရွယ်တာဖြစ်ပြီး အဲ့ဒီ အချိုရည်မှာ ဆိုဒီယမ်ပမာဏတွေလည်း အများကြီးပါဝင်ပါတယ်။ Sodium Chloride နဲ့ Sodium Bicarbonate တို့ပါဝင်ပါတယ်။ ဆိုဒီယမ်က သွေးတိုးရှိသူတွေအတွက်မကောင်းပါဘူး။ ဆားမှာလည်း ဆိုဒီယမ်ဓာတ်ပါဝင်တာကြောင့် အများကြီး မစားသင့်ပါဘူး။

ခွန်အားဖြည့် အချိုရည်များ (Energy Drinks)

ခွန်အားဖြည့် အချိုရည်တွေမှာ Taurine နဲ့ ကဖိန်းဓာတ်တွေပါဝင်နေပါတယ်။ ဒီဓာတ်တွေက နှလုံးခုန်နှုန်းကိုမြင့်တက်စေပြီး သွေးတိုးစေတယ်လို့ သုတေသနပညာရှင်တွေက ယုံကြည်နေကြပါတယ်။

ခွန်အားဖြည့် အချိုရည် (Energy Drinks) နဲ့ အားကစားလုပ်ပြီးနောက် သောက်သုံးတဲ့ (Sports Drinks) ကမတူညီပါဘူးနော်။

ကော်ဖီနဲ့ လက်ဖက်ရည်

ကော်ဖီနဲ့ လက်ဖက်ရည်တို့က သွေးဖိအားကို တက်စေတဲ့ တနည်းအားဖြင့် သွေးတိုးစေပါတယ်။ ဒါ့ကြောင့် သွေးတိုးရှိသူတွေ သတိထားသင့်ပါတယ်။

အရက်

အရက်က သွေးတိုးစေတယ်လို့ တိတိကျကျပြောနိုင်တဲ့ သုတေသနတွေတော့ မရှိသေးပါဘူး။ ဒါပေမယ့် အရက်က သွေးကြောထဲရောက်သွားရင် နှလုံးရဲ့ အောက်စီဂျင်သယ်ဆောင်မှုကို အနှောင့်အယှက်ဖြစ်စေပါတယ်။ ဒါ့ကြောင့်နှလုံးက ပိုပြီး အလုပ်လုပ်ရပြီး သွေးဖိအားကို တိုးစေတယ်လို့ယူဆထားကြပါတယ်။