အရသာ ချိုလွန်းလို့ တစ်ချို့ကတော့ သိပ်ကြိုက်လှပါဘူး။ အချိုဓာတ်ဟာ သဘာဝအတိုင်း အပြည့်အ၀ ပါဝင်တာကြောင့် ဟင်းခတ်မလိုတဲ့ ဟင်းသီးဟင်းရွက် တစ်မျိုးကတော့ ဂေါ်ရခါးသီး ခေါ် စူကာသီးပဲ ဖြစ်ပါတယ်။ အနွယ်ပင်တွေကနေ သီးလာတဲ့ ဆူးခပ်ပါးပါးနဲ့ အသီးဟာ စားတဲ့ အခါ အရသာ အလွန်ရှိလှတာ မငြင်းနိုင်ပါဘူး။ အနောက်နိုင်ငံတွေမှာ လူကြိုက်များတဲ့ အသီးဖြစ်ပြီး မြန်မာနိုင်ငံမှာလည်း အများစု စားကြပါတယ်။

အေးမြတဲ့ ဒေသတွေမှာ ဖြစ်ထွန်းတဲ့ ဂေါ်ရခါးသီးကို ရှမ်းပြည်ဘက်မှာ တစ်နှစ်ပေါက်လုံး ပေါက်ရောက်ပါတယ်။ ဂေါ်ရခါးညွှန့်ကိုလည်း ကြော်စား ချက်စား စားကြပြီး အသီးကတော့ ဈေးချိုလှပါတယ်။ အရည်ရွှမ်းတဲ့ စူကာသီးကို ကြက်ဥနဲ့ ရောမွှေကြော်စားလေ့ ရှိပြီး အခြား နှစ်သက်တဲ့ အသားတွေနဲ့လည်း ရောနှော ချက်ပြုတ်လေ့ ရှိကြပါတယ်။ ချဉ်ရည်ချက်စားကြသလို အတို့အမြုပ်အနေနဲ့လည်း စားကြပါသေးတယ်။

ဂေါ်ရခါးသီးမှာ ကစီဓာတ်၊ ပရိုတင်း၊ အဆီဓာတ်၊ အမျှင်ဓာတ်၊ ဖောလိပ်၊ နီအာစင်၊ ပန်တိုသနစ်၊ ဗီတာမင် စီ၊ အီး၊ကေနဲ့ ဆိုဒီယမ်၊ ပိုတက်ဆီယမ်၊ ကယ်လ်ဆီယမ်၊ သံဓာတ်နဲ့ အခြားအကျိုးပြုဓာတ်တွေ ပါဝင်ပါတယ်။ ဂေါ်ရခါးသီးမှာ ဖောလိပ်ဓာတ် ပါရှိတာကြောင့် ကိုယ်ဝန်ဆောင်တွေအနေနဲ့ မဖြစ်မနေ စားသုံးသင့်ပါတယ်။ မွေးလာတဲ့ ကလေးကို အာရုံကြောရောဂါတွေ ကင်းဝေစေပြီး ကျန်းမာစေပါတယ်။

အမျှင်ဓာတ်နဲ့ ရေဓာတ် စွမ်းအင်ပြည့်ပါဝင်တာကြောင့် ကိုယ်အလေးချိန် ထိန်းသူတွေ အတွက်တော့ လက်တွဲဖော်ပါပဲ။ ကင်ဆာကို ဆန့်ကျင်ပေးတဲ့ ဓာတ်တွေ စုဝေးထားတာကြောင့် အစာအိမ်၊ရင်သားနဲ့ အခြားကင်ဆာဆဲလ်တွေကို တားဆီးပေးပါတယ်။

အကျဉ်းချုပ်ပြီး ကောင်းကျိုးတွေကို ပြောရမယ်ဆိုရင်ကတော့

  • ကိုယ်အလေးချိန်ကို လျော့ကျဖို့ ကူညီနိုင်ပါတယ်။
  • ကျန်းမာတဲ့ ကလေးမွေးဖို့ ကူညီပါတယ်။
  • ကိုလက်စထရောကို ကျစေပါတယ်။
  • ကင်ဆာမဖြစ်စေပါဘူး
  • ရင့်ရော်ခြင်းကို တားဆီးပေးပါတယ်။

  • Antioxidants ရင်းမြစ်လို့တောင် ပြောလို့ရပါတယ်။
  • ကျောက်ကပ်ထဲ ကျောက်တည်ခြင်းကို ကုသနိုင်ပါတယ်။
  • သွေးပေါင်တက်ခြင်းကို ချပေးနိုင်ပါတယ်။
  •  နှလုံးရောဂါမဖြစ်အောင် တားဆီးပေးပါတယ်။

ကဲ ဈေးချိုပြီး အကျိုးများလှတဲ့ ဂေါ်ရခါးသီးအကြောင်း သိပြီမို့ ဟင်းတစ်ခွက် အမြန် ချက်လိုက်ကြစို့နော်။

Credit: vegetafruit