ဆီကို နေ့စဉ်အသုံးများသောသူများအတွက် ဆီမပါပဲ အရသာရှိရှိ စားနိုင်မည့် ဝက်သားသုပ်နည်းလေးကို ရှယ်လိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

(ဝက်သားပြုတ်ထားရန်)

  • ဆား – ၁ ဇွန်း (လက်ဖက်ဇွန်း)
  • ငံပြာရည် – ၁ ဇွန်း ခွဲ (လက်ဖက်ဇွန်း )
  • ဝက်ပေါင်သား – ၃၀ ကျပ်သား
  • နနွင်းမှုန့် – ၁ ဇွန်း (လက်ဖက်ဇွန်း)

  • ချင်း – လက်မဝက်ခန့်၊ (ခတ်ပါးပါးလှီးထည့်ပါ)
  • နာနတ်ပွင့် – ၁ ပွင့်
  • လေးညှင်း – ၃ ပွင့်
  • မက်ခါသီး – ၅ စေ့

(ဝက်သားသုပ်ရန်)

  • နံနံပင် – ၁ စီး (ခတ်ကြမ်းကြမ်းလှီးထားပါ)
  • ဂေါ်ဖီ – ၁ စိတ် (ခတ်ပါးပါးလေးလှီးထားပါ)
  • ငရုတ်သီးစိမ်း – ၁၀ တောင့် (ပါးပါးလှီးထားပါ)
  • ခရမ်းချဉ်သီး – ၅ လုံး (အရှည်လိုက်ပါးပါးလှီးထားပါ)
  • ဆလတ်ရွက် – ၃ ပင် (ရေစင်အောင်ဆေးပြီး၊ အနေတော် ပိုင်းထားပါ)

  • ငရုတ်ပွနီ – ၁ ခု (အစေ့ထုပ် ပြီး ပါးပါး အရှည်လေးတွေ လှီးထားပါ)
  • ငရုတ်ပွဝါ – ၁ ခု (အစေ့ထုပ် ပြီး ပါးပါး အရှည်လေးတွေ လှီးထားပါ)
  • ငရုတ်ပွစိမ်း – ၁ ခု (အစေ့ထုပ် ပြီး ပါးပါး အရှည်လေးတွေ လှီးထားပါ)
  • မုန်လာဥနီ – ၁ ပိုင်း (အခွံခွာ ပြီး၊ ခတ်ပါးပါး အချောင်းလေးတွေခြစ်ထားပါ)
  • စပါးလင် – ၁ ပိုင်း (အဖြူပိုင်း၊ ခတ်ပါးပါးလှှီးထားပါ)

(အသုပ်အချဉ်ရည်)

  • သံပုရာရည် – ၃ လုံး (အရည်ညစ်ထားပါ)
  • ငံပြာရည် – ၂ ဇွန်း (လက်ဖက်ဇွန်း) နှင့်သကြားအညို – ၁ ဇွန်း (လက်ဖက်ဇွန်း)
  • ငရုတ်ကောင်းမှုန့် – ဇွန်း ၃ ပုံ ၁ ပုံ (လက်ဖက်ဇွန်း)
  • ချင်း – ဇွန်း ၃ ပုံ ၁ ပုံ (လက်ဖက်ဇွန်း /ညက်အောင် ထောင်းထားပါ)
  • သံပုရာခွံ – ၁ ဇွန်း (လက်ဖက်ဇွန်း)

ပြုလုပ်နည်း

စောက်နက်အိုးထဲ ဝက်သားကို အတုံးနေတော် အတုံးကြီးတုံးပြီး ပြုတ်ရန် ပါဝင်ပစ္စည်းများ အားလုံးထည့်ပြီး အသားတုံးများ မြုပ်တဲ့အထိ ရေထည့်ပါ။ ဝက်သားနူးအိတဲ့ အထိတည်ပါ။ ဝက်သားတုံးများကိုဆယ်ပြီး အအေးခံထားပါ။ အေးလျှင် ဝက်သားတုံးများကို အမျှင်လေးများ မျှင်ထားပါ။

လေလုံဖန်ပုလင်းအကြီးတစ်လုံးထဲကို အချဉ်လုပ်ရန် ပါဝင်ပစ္စည်းများ အားလုံးထည့်ပြီး အဖုံးလုံအောင်ပိတ်ပြီး နာနာခလောက် ပေးပါ။ ပြီးလျှင် ဆားမြည်းပြီး လိုတာထပ်ဖြည့်နိုင်ပါတယ်။

ဖန်ဇလုံ အကြီးထဲ ဝက်သားမျှင် နှင့် ကျန်ပါဝင်ပစ္စည်းများ ကိုယ့်စိတ်ကြိုက် အရသာ အတိုင်းထည့်ပြီး နှံ့အောင် နယ်ပါ။ ဆားမြည်းပါ လိုတာ စိတ်တိုင်းကျ ပြုပြင်နိုင်ပါတယ်။ လတ်လတ်ဆတ်ဆတ် ချက်ချင်းစားပါ။ ထမင်းနှင့် သုံးဆောင်လျင်လဲ ထမင်း မြိန်စေပါတယ်။

Credit: Syi Gyi Lwin