မိုးရာသီမှာ ပေါလှတဲ့ အစားအစာတွေထဲ မျှစ်တစ်ခုလည်း အပါအဝင်ပါ။ လူတိုင်းနီးပါး ကြိုက်ကြပေမယ့် စားရမှာ ကြောက်တဲ့ အစားအစာ တစ်ခုပါ။ ဆိုးဆေးတွေကို ကြောက်တာ ဖြစ်သလို အကြောတက် သွေးတက်မှာကိုလည်း ကြောက်ကြပါတယ်။ ဒါပေမယ့် အရာရာတိုင်းမှာ ကောင်းကျိုး ဆိုးကျိုး ဒွန်တွဲနေတတ်ကြတာပါ။ မျှစ်တွေကိုတော့ ဆေးမဆိုးတဲ့ မျှစ်တွေကိုတော့ ရွေးချယ်ဖို့ လိုပါတယ်။

မျှစ်ကို ကြော်ချက်စားကြသလို ဟင်းရည် လုပ်သောက်ကြပါတယ်။ ပြုတ်ပြီး တို့စရာ အဖြစ်လည်း စားသောက်ကြပါတယ်။ ချဉ်ပေါင်ရွက်နဲ့ ရောချက်ပြီး ချဉ်ရည်ချက် စားကြတာကလည်း ထမင်းမြိန်စေမယ့် ဟင်းတစ်ခွက် ရစေပါတယ်။

Bamboo shoot1
မျှစ်မှာ အမျှင်ဓာတ်၊ ကာဗွန်ဟိုက်ဒရိတ်၊ ပရိုတိန်း၊ ပိုတက်ဆီယမ်၊ မက်ဂနိ၊ ကော့ပါး၊ ဇင့်၊ ဗီတာမင် B6,C,E တို့ ပါဝင်ပြီး ကယ်လိုရီ ပါဝင်မှု နည်းပါးပါတယ်။ မျှစ်ကို စားသုံးခြင်းဟာ မကောင်းတဲ့ အဆီတွေကို ကျစေပါတယ်။ သွေးဖိအားကို ထိန်းပေးပြီး ပိုးသတ်အာနိသင် ရှိပါတယ်။ မျှစ်မှာ ဖိုင်ကိုကမ်မီကယ် များစွာ ပါဝင်တာကြောင့် ဖန်းဂက်စ်မှိုတား အာနိသင်၊ ဘက်တီးရီးယား ဆန့်ကျင်တဲ့ အာနိသင်နဲ့ ကင်ဆာတား အာနိသင်တို့ ရှိကြပါတယ်။

bamboo shoot_cook
နာတာရှည်ရောဂါ ဖြစ်နိုင်ခြေကို နည်းပါးစေနိုင်ပြီး နှလုံး ကျန်းမာရေးကို ကောင်းမွန်စေနိုင်ပါတယ်။ အစာခြေစနစ်ကို ကောင်းမွန်အောင် ကူညီပေးပါတယ်။ မျှစ်ဟာ အစာအိမ် ဝေဒနာကို သက်သာစေပြီး ဝမ်းပျက်ဝမ်းလျှော ရောဂါကိုလည်း သက်သာစေပါတယ်။

တန်ဆေးလွန်ဘေး ဆိုတဲ့ စကားလည်း ရှိတာကြောင့် အတိုင်းအဆကို ချင့်ချိန်ပြီး စားသုံးသင့်ပါတယ်။