လူတွေ အတွက် အာဟာရဖြစ်စေမယ့် အစားအစာထဲမှာ ပဲဟာ အဓိကပါဝင်ပါတယ်။ ပရိုတင်းဓာတ် ပြည့်ဝပြီး ခွန်အားကို ပေးစေမယ့် ပဲတွေ အမျိုးမျိုး ရှိပါတယ်။ ပဲအမျိုးအစားပေါင်း မြောက်မြားစွာ ရှိပါတယ်။ ဒီထဲမှာမှ မြန်မာတွေ အစားဆုံးဖြစ်တဲ့ ကုလားပဲ အကြောင်းကို အရင်ဆုံး မျှဝေချင်ပါတယ်။

မြန်မာပြည်မှာတော့ ကုလားပဲဟာ ဈေးသက်သာပြီး အာဟာရဖြစ်စေတဲ့ အတွက် လူတိုင်းနီးပါး စားသုံးကြပါတယ်။ ကုလားပဲမှာ ပရိုတင်းဓာတ် ကြွယ်ဝစွာ ပါဝင်ပြီး အမျှင်ဓာတ်၊ ဗီတာမင်စီ၊ ဗီတာမင် B6၊ ဖောလိတ်ဓာတ် တို့ ပါဝင်ပါတယ်။

ကုလားပဲဟာ မြန်မာဆေးကျမ်းမှာတော့ ကုလားပဲဟာ အေးတယ်၊ အဆီမရှိဘူး၊ အစာကြေဖို့ လွယ်ကူတယ်၊ ဝမ်းကို ချုပ်စေတယ်၊အဖျားကို နိုင်တယ်လို့ ဖော်ပြထားပါတယ်။ အခြား ကျန်းမာရေး အကျိုးကျေးဇူးတွေလည်း ရှိပါသေးတယ်။

ကုလားပဲဟာ Antioxidants ဂုဏ်သတ္တိရှိတာကြောင့် နှလုံးသွေးကြောနဲ့ ဆိုင်တဲ့ ရောဂါတွေ ဖြစ်ပွားခြင်းကို တားဆီးပေးနိုင်ပါတယ်။ သွေးတွင်း အဆီတွေကို လျှော့ချပေးပြီး သွေးကြောအတွင်း လုပ်ငန်းဆောင်တာတွေကိုကောင်းမွန် စေပါတယ်။

အမျှင်ဓာတ်ဟာလည်း သွေးကြောနံရံတွေကို ကျန်းမာစေနိုင်တာကြောင့် သွေးလှည့်ပတ် စီးဆင်းမှုကို ကောင်းမွန်စေနိုင်ပါတယ်။ အစာချေစနစ်ကို ထောက်ပံ့ပေးနိုင်တဲ့ အတွက် အစာကြေလွယ်ပြီး  အစာချေ စနစ်ရဲ့ ဟန်ချက်ညီမှုကို ကောင်းမွန်စေပါတယ်။

Source: Medical News Today

ကုလားပဲဟာ ဆာလောင်မှုကို ထိန်းချုပ်ပေးပြီး ကိုလက်စထရောကိုလည်း လျှော့ကျစေနိုင်ပါတယ်။ ကုလားပဲဟာ အစာကြေညက်စေကာ ကယ်လိုရီ ရယူမှုကိုလည်း ထိန်းချုပ်ပေးပါတယ်။

ဒါကြောင့် ကိုယ်အလေးချိန် လျော့ကျလိုသူတွေနဲ့ ကိုယ်အလေးချိန် ထိန်းနေသူတို့ အတွက် ကုလားပဲဟင်းကို စားပေးပြီး တခြား ကယ်လိုရီများတဲ့ အစာတွေကို လျှော့စားသင့်ပါတယ်။ ပေါင်ချိန်တိုးချင်သူတွေကတော့ ကုလားပဲ အစိမ်းကို ရေစိမ်ပြီး စားကြပါတယ်။ ကုလားပဲမှုန့်ကို နနွင်းနဲ့ ရောပြီး မျက်နှာပေါင်းတင်လို့ ရပါတယ်။

ကုလားပဲကို မျိုးစုံ ပြုလုပ်ပြီး စားကြပါတယ်။ ကုလားပဲကို အသီးအနံှတွေနဲ့ ရောချက်ပြီး ကုလားပဲဟင်း၊ ကုလားပဲခြမ်းကြော်၊ ကုလားပဲလှော်၊ ကုလားပဲကို ပြုတ်ပြီး နှပ်စားတဲ့ ကုလားပဲနှပ်၊ ကုလားပဲကို ရေစိမ်ပြီး ကြော်စားတဲ့ ကုလားပဲကြော် အစရှိသဖြင့် ချက်စားကြပါတယ်။

မြန်မာတွေရဲ့ အကြိုက် မုန့်ဟင်းခါးကိုလည်း ကုလားပဲနဲ့ ချက်ပြုတ်တာဖြစ်ပြီး အသုပ်အတွက် အသုံးပြုတဲ့ ပဲမှုန့်ဟာလည်း ကုလားပဲကနေ ပြုလုပ်ထားတာ ဖြစ်ပါတယ်။

ပဲကြော်၊ ဘယာကြော် အစရှိတဲ့ သရေစာတွေကလည်း ကုလားပဲကနေ ပြုလုပ်ထားတာပါ။ ကုလားပဲကို နှစ်သက်ရာ အသားနဲ့လည်း ရောချက်စားကြပါတယ်။ ကုလားပဲပင်ရဲ့ အညွှန့်ကိုလည်း ဟင်းချိုအဖြစ်လည်း စားကြပါတယ်။ မြန်မာတွေ စားသုံးတဲ့ နေ့စဉ် အစားအစာတွေဟာ ကုလားပဲနဲ့ သိပ်မကင်းလှပါဘူး။

Source: My Plant-Based Family

ကုလားပဲကို ခွန်အား အသုံးပြုပြီး အလုပ်လုပ်နေသူတွေ အတွက်တော့ ပိုပြီး သင့်လျော်ပါတယ်။ အထိုင်များသူ၊ အအေးခန်းထဲမှာ တောက်လျှောက်လုပ်ရသူ၊ ရင်ကြပ်ရောဂါရှိသူတွေ အတွက်တော့ မစားသင့်ပါဘူး။ စားမယ်ဆိုရင်လည်း နေ့စဉ်နေ့တိုင်း မစားသင့်ပါဘူး။ စာမေးပွဲရှိတဲ့ လူတွေ စားရင်လည်း ငိုက်မြည်းတတ်တာမို့ သင့်ရုံပဲ စားသင့်ပါတယ်။

Ref : Kyaymhone Newspaper