အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ဘဲသားမုန့်၊ ဆိတ်သားမုန့်လိုမျိုးပဲ စားလို့ကောင်းတဲ့ အမဲသား အစာသွပ်မုန့်လုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။ မနက်စာအဖြစ် စားသုံးလို့လည်းရသလို အားလပ်ရက်လေးမှာ မိသားစုဝင်တွေနဲ့ တပျော်တပါးကြီး မုန့်လုပ်စားလို့လည်း ရပါတယ်။

ပြုလုပ်ရတာလည်း လွယ်ကူတာကြောင့် အချိန်နေရာမရွေး အလွယ်တကူပြင်ဆင်ကြော်လှော်နိုင်တာပေါ့။

ပါဝင်ပစ္စည်းများ

Photo Source: hwww.gretchensbakery.com

  • ဂျုံမုန့် ပန်းကန်လုံး ၂ ခွက်ခွဲ
  • ရေ ခွက် တစ်ဝက်ခန့်
  • သံလွင်ဆီ စားပွဲတင်ဇွန်း ၄ ဇွန်း (ဂျုံမှုန့်နယ်ရန်)
  • ဗိုကာ လက်ဖက်ရည်ဇွန်း ၁ ဇွန်း (မထည့်လည်းရပါတယ်)

Photo Source:

  • အမဲသား ၁/၂ ပေါင် (နုတ်နုတ်စင်းထားပါ)
  • သကြား လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ကြက်သွန်နီ တစ်ခြမ်း (ပါးပါးလှီးထားပါ)
  • နွားနို့ စားပွဲတင်ဇွန်း ၆ ဇွန်း

  • ပါးပါးလှီးဖြတ်ထားသော နံနံပင် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ဟင်းသီးဟင်းရွက်ဆီ (ကြော်ရန်)
  • ဆားအနည်းငယ်
  • ငရုတ်ကောင်းမှုန့်အနည်းငယ်

ပြုလုပ်နည်းအဆင့်ဆင့်

အရင်ဆုံး ဂျုံမုန့်ပြုလုပ်နည်းလေးကို ပြောပြချင်ပါတယ်။ ပန်းကန်လုံးအကြီးတစ်လုံးထဲမှာ သကြား၊ ဆား (လက်ဖက်ရည်ဇွန်း ၃ ပုံ ၁ ပုံခန့်)နဲ့ ဂျုံတို့ကို ထည့်နယ်ပါ။ သံလွင်ဆီနဲ့ ဗိုကာထည့်ပါ။ ထို့နောက် ရေနည်းနည်းချင်းစီကို မကြာခဏထည့်ပြီး နယ်ပေးပါ။ ဂျုံသားများ လက်မှာမကပ်တော့ဘဲ၊ နူးညံ့ပျော့ပျောင်းလာသည်အထိ နယ်ပေးပါ။ ပြီးရင် ခဏဖယ်ထားလိုက်ပါ။

အစာသွပ်ဖို့အတွက် ဆက်လက်ပြုလုပ်ရပါမယ်။ အခြားပန်းကန်လုံးအသစ်တစ်လုံးထဲမှာ နုတ်နုတ်စင်းထားသော အမဲသား၊ ကြက်သွန်နီနဲ့ နံနံပင်တို့ကို ရောနယ်လိုက်ပါ။ ဆား၊ ငရုတ်ကောင်းနဲ့ နွားနို့တို့ထည့်ပြီး ထပ်နယ်ပေးပါ။

နယ်ထားသော ဂျုံသားကို စားပွဲပေါ်မှာ ဒလှိမ့်တုံးနဲ့ ဖြန့်ပေးလိုက်ပါ။ လက်ဖက်ရည်ပန်းကန်ပြားအသုံးပြုပြီး အဝိုင်းပုံသဏ္ဍာန်ဖြတ်ထုတ်ထားပါ။ ကျန်ရှိတဲ့ဂျုံကိုတော့ ဒလှိမ့်တုံးနဲ့ ထပ်လှိမ့်ပေးပြီး အဝိုင်းပုံသဏ္ဍာန် ထပ်မံဖြတ်ထုတ်ပါ။ ဂျုံသားများ မကျန်တော့တဲ့အထိ ထိုကဲ့သို့ ပြုလုပ်ပေးပါ။

နယ်ထားသော အမဲသားအစာသွပ်များကို စက်ဝိုင်းပုံသဏ္ဍာန်ရဲ့ တစ်ခြမ်းကို ဖြည့်ထည့်ပေးလိုက်ပါ။ ဘေးဘက်အစွန်းနားကိုတော့ လက်မဝက်လောက် ချန်ထားပေးရပါမယ်။

ထို့နောက် အမဲသားမဖြည့်ထားတဲ့ အခြားတစ်ဖက်ကနေ ဘေးဘက်သို့ခေါက်လိုက်ပြီး လက်ချောင်းထိပ်ကလေးနဲ့ တင်းတင်းလေးဖိကပ်လိုက်ပါ။

လေမဝင်အောင် တင်းတင်းကြပ်ကြပ်လေး ဖိကပ်ပေးရပါမယ်။ ဒါမှ ကြော်တဲ့အခါ အရသာရှိမှာပါ။

ဒယ်အိုးအကြီးတစ်လုံးထဲမှာ ဆီများများထည့်ပြီး မုန့် သုံးခု၊ လေးခုလောက် ထည့်ကြော်ပါ။ တစ်ခြမ်းကို ၅ မိနစ်စီ ကြော်ပေးပါ။

ကြော်ပြီးတဲ့အခါ ဆီစစ်တဲ့ဇကာပေါက်ဇွန်းလေးနဲ့ ခပ်ထုပ်ပြီး ပန်းကန်ထဲထည့်ကာ အအေးခံထားလိုက်ပါ။ ရရှိလာတဲ့မုန့်ကို ကော်ဖီ (သို့) လက်ဖက်ရည်၊ ဒါမှမဟုတ် နွားနို့နဲ့ သုံးဆောင်နိုင်ပါတယ်။

Source: www.mydeliciousmeals.com