အားလုံးပဲ မင်္ဂလာပါ။ ဟင်းရည်တစ်မျိုးမျိုးပါမှ ထမင်းစားမြိန်သူများအတွက် ဒီတစ်ခါမှာတော့ ကိုရီးယားဟင်းလျာတစ်မျိုးဖြစ်တဲ့ အမဲနံရိုးစွပ်ပြုတ် ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အမဲနံရိုး ၁ ကီလိုဂရမ် (၃ ပေါင်)
  • ကိုရီးယား မုန်လာဥဖြူ အသေးတစ်လုံး
  • ကြက်သွန်နီ အလယ်အလတ်ဆိုဒ် ၁ လုံး
  • ရေ ၁၂ ခွက်
  • ကြက်သွန်ဖြူ ၄ မွှာ
  • ကြက်သွန်မြိတ် ၄ ချောင်း (သို့) ၆ ချောင်း (ပါးပါးလှီးထားပါ)
  • ငရုတ်ကောင်းမှုန့် အနည်းငယ်
  • ငရုတ်သီးမှုန့်၊ ပဲငံပြာရည်၊ နှမ်းဆီ (အစပ်မကြိုက်သူများက ဒီပါဝင်ပစ္စည်း ၃ မျိုး မထည့်လည်း ရပါတယ်)

ပြုလုပ်နည်းအဆင့်ဆင့်

အမဲနံရိုးများကို အတုံးတုံးပြီး ရေနှစ်ထပ်ခန့် စင်အောင် ဆေးပါ။

ထို့နောက်အမဲနံရိုးများကို ၁၀ မိနစ်ခန့် ဆူအောင် တည်လိုက်ပါ။

၁၀ မိနစ်ပြည့်ပြီးပါက အမဲရိုးများကို ဆယ်ယူပြီး ရေနဲ့ ထပ်ဆေးပေးပါ။ အိုးကိုလည်း ပြောင်အောင် တစ်ခါတည်းဆေးလိုက်ပါ။

ဆေးကြောထားသော အမဲနံရိုးများ၊ အခွံခွာထားသော ကြက်သွန်နီနဲ့ အခွံခွာထားသော မုန်လာဥဖြူတို့ကို အိုးထဲထည့်ပြီး ရေ ၁၂ ခွက် နဲ့တည်လိုက်ပါ။ မီးပြင်းပြင်းနဲ့ တစ်နာရီတည်ပြီးနောက် မီးအပူချိန် နည်းနည်းနဲ့ နောက်ထပ် တစ်နာရီထပ်တည်ပါ။

မီးဖိုပေါ်က ချပြီးတဲ့နောက်မှာ ကြက်သွန်နီကို ဖယ်ထုတ်လိုက်ပါ။ မုန်လာဥနဲ့ အမဲနံရိုးကိုတော့ ပန်းကန်လုံးထဲထည့်လိုက်ပါ (မုန်လာဥကို ပြုတ်ပြီး အိုးထဲက ဆယ်ယူပြီးမှ အနေတော် အတုံးတုံးရပါမယ်)

အမဲစွပ်ပြုတ်ရည်ကိုတော့ အဆီတွေ ဖယ်ထုတ်လိုက်ဖို့ ဆန်ခါရယ်၊ အဝတ်စသန့်သန့်တစ်ခုနဲ့ အခုလိုပဲ အရည်စစ်လိုက်ပါ။

ဒါဆိုရင် အခုလို စွပ်ပြုတ်ရည်တစ်ခွက် ရသွားပါမယ်။

ပန်းကန်လုံးထဲထည့်ထားတဲ့ အမဲနံရိုးနဲ့ မုန်လာဥအတုံးများထဲသို့ ငရုတ်သီးမှုန့်၊ ပဲငံပြာရည်၊ နှမ်းဆီတို့ ထည့်ပြီး မွှေပေးလိုက်ပါ။ (အစပ်မကြိုက်သူများက ဒီအဆင့်ကျော်လိုက်ပါ။)

ပြီးမှ အမဲစွပ်ပြုတ်ရည်နဲ့ အမဲနံရိုးများကို ရောပေါင်းလိုက်ပြီး ဆားအနည်းငယ်ထည့်ကာ အပေါ့အငန်မြည်းကြည့်လိုက်ပါ။ နောက်ဆုံးအဆင့်အနေနဲ့ ပါးပါးလှီးထားသော ကြက်သွန်မြိတ်များကို ထည့်လိုက်ပါ။

ဒါဆိုရင်တော့ အရသာကောင်းမွန်လှတဲ့ ကိုရီးယား အမဲနံရိုးစွပ်ပြုတ် စပ်စပ်လေးသုံးဆောင်နိုင်ပါပြီ။

Source: www.maangchi.com