နံနံပင်ဟာ လူတိုင်း ကြိုက်တဲ့ ဟင်းခတ်တစ်မျိုးတော့ မဟုတ်ပါဘူး။ အနံ့ပြင်းလို့ မကြိုက်နှစ်သက်သူတွေလည်း ရှိပါတယ်။ နံနံပင်ကို မြန်မာနိုင်ငံအနှံ့အပြားမှာ ကောင်းကောင်း ပေါက်ရောက်ပြီး မြေကို ပြန်ပြင်ပြီးမှ စိုက်ပျိုးရတဲ့ အပင်တစ်မျိုးပါ။ မျိုးစေ့ကို စိုက်ပျိုးရတဲ့ အပင်ဖြစ်ပြီး ရေနိုင်နိုင်လောင်းရတဲ့ အပင်တစ်မျိုးလည်း ဖြစ်ပါတယ်။ စိုက်ပျိုးပြီး ၄၅ရက်ကနေ ၆၀အတွင်း စားသုံးလို့ ရပါတယ်။

နံနံပင်ကို ဟင်းချက်တဲ့ အခါမှာလည်း ထည့်ချက်ကြသလို အသုပ်၊ မုန့်ဟင်းခါးနဲ့ ခေါက်ဆွဲတွေထဲမှာလည်း ထည့်စားကြပါတယ်။ နံနံပင်ကို သိမ်းဆည်းတဲ့အခါ ဒီအတိုင်း ရေခဲသေတ္တာထဲကို ထည့်လို့ မရပါဘူး။ ပုပ်သွားတာ ခြောက်သွားတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ရေခဲသေတ္တာထဲ ထည့်တဲ့အခါ ရေခြောက်အောင် ထားပြီး ဖန်ပုလင်းထဲ အလုံပိတ်ပြီး ထည့်ထားလို့ ရသလို ပလပ်စတစ်အိတ်နဲ့ လေလုံအောင် ထားပြီး သိမ်းထားရင် ရက်အနည်းငယ်တော့ ခံပါတယ်။

နံနံပင်ရဲ့ အဓိက ကောင်းကျိုးပြုတာကတော့ ကျောက်ကပ်ရောဂါပါ။ ကျောက်ကပ်ရောဂါဟာ အခုအခါ အဖြစ်များနေတဲ့ ရောဂါ တစ်ခုလည်း ဖြစ်ပါတယ်။ အဓိက ကတော့ ရေဓာတ် လျော့နည်းမှု၊ အစားအသောက် မသန့်ရှင်းမှု၊ ဆီးလမ်းကြောင်း ပိုးဝင်မှုတို့ကြောင့် ဖြစ်ပါတယ်။ နံနံပင် ၁၀-၁၅ ပင်ကို နုတ်နုတ်စင်းပြီး ရေတစ်ခွက်စာ ထည့်ပြီး ကျိုရပါမယ်။ ဆူလာတဲ့ အခါ အဖတ်တွေ စစ်ထုတ်ပြီး အအေးခံ သောက်ရပါမယ်။ ကျောက်ကပ်ရောဂါ ရှိသူတွေ နေ့တိုင်း သောက်ပေးရပါမယ်။ ကာကွယ်လိုသူတွေအနေနဲ့ကတော့ တစ်ပတ်ကို တစ်ကြိမ်သောက်ပေးရင် ရပါပြီ။

နံနံပင်ကို အလှအပရေးရာ အရလည်း အသုံးပြုလို့ ရပါတယ်။ နံနံပင် အနည်းငယ်ကို ကြိတ်ခြေပြီး နနွင်းမှုန့် အနည်းငယ် ထည့်ကာ ရေနဲ့စေးပျစ်တဲ့ အထိ ဖျော်ပါ။ ပြီးရင် ထိပ်မည်းဆားဝက်ခြံပေါ်ကို ပေါင်းတင်သလို အုံထားပေးရပါမယ်။ ဆားဝက်ခြံ ပျောက်ကင်းစေပါတယ်။

Credit: Myawaddy , wholenewmom