ကန်စွန်းရွက်ဟာ အသီးအရွက်တွေထဲမှာတော့ ပေါ်ပြူလာပါပဲ။ ပျိုပျိုအိုအို ယောကျ်ား မိန်းမ ကန်စွန်းရွက်ကို မကြိုက်သူရှားပါတယ်။ အရသာ ကောင်းပြီး ကြော်စားမလား ချက်စားမလား ပြုတ်စားမလား သုပ်စားမလား အချဉ်ထည့်မလား ချဉ်ရည်ချက်မလား အမယ်စုံ ချက်လို့ရတဲ့ ဟင်းရွက်တစ်မျိုးပါ။
ကန်စွန်းရွက်ကို အဆိပ်အတောက် ပြေတယ်ဆိုတဲ့အချက်နဲ့တင် လူတွေက စားကြပါတယ်။

ကန်စွန်းရွက်မှာလည်း အမျိုးအစားက စုံလင်လှပါသေးတယ်။ လယ်ကန်စွန်း၊ ထိုင်ဝမ်ကန်စွန်း၊ တရုတ်ကန်စွန်း၊ ကန်စွန်းရိုးနီ တို့က လူစားတာ အများဆုံးပါပဲ။ တရုတ်ကန်စွန်းရွက်ကို ပလိန်းကြော်ပြီး ပူပူနွေနွေး စားရင် အင်မတန် အရသာ ရှိလှပါတယ်။ စားသောက်ဆိုင်တွေနဲ့ ထမင်းဆိုင်တွေမှာလည်း အမြဲ ရှိတတ်တဲ့ Menu တစ်မျိုးပါ။ ဒီလို ကန်စွန်းရွက်တွေဟာ လူတွေကို အရသာတင်မကဘဲ အာဟာရတွေကိုပါ ပေးနိုင်စွမ်း ရှိပါတယ်။

ကန်စွန်းရွက်ကို ဆီနည်းနည်းနဲ့ ကြော်စားရင် ဝိတ်ထိန်းနေသူတွေအတွက်တော့ ဆေးတစ်လက်ပါပဲ။ ဗိုက်အမြန်ပြည့်စေပြီး အဆီမတက်စေတဲ့ ဟင်းတစ်ခွက်ပါ။ ကန်စွန်းရွက်ကို အိပ်မပျော်တဲ့သူတွေအတွက် ဆေးအနေနဲ့လည်း သုံးလို့ရပါတယ်။ ကန်စွန်းရွက်ဟာ အိပ်စက်တဲ့အခါ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေပြီး မနက်ခင်းတွေမှာ အားအင်ပြည့်ပြီး လန်းဆန်းစေဖို့ ကူညီပေးပါတယ်။ အမျှင်ဓာတ်နဲ့ ကယ်လ်ဆီယမ်တွေ ပါဝင်တဲ့အတွက် ဝမ်းမှန်မှန် သွားစေပြီး အစာအိမ်နဲ့အူတို့ရဲ့ လုပ်ငန်းဆောင်တာတွေကို ချောမွေ့စေဖို့ အထောက်အကူ ဖြစ်စေပါတယ်။

ကန်စွန်းရွက်မှာ အမိုင်နိုအက်ဆစ် ပါဝင်တာကြောင့် အဆိပ်တွေကို ဖြေနိုင်စွမ်းရှိပြီး ရောင်ရမ်းတာတွေကို သက်သာစေပါတယ်။ အိမ်မှာ မွေးထားတဲ့ တိရစ္ဆာန်လေးတွေ အဆိပ်မိလာတဲ့ အခါ ကန်စွန်းရွက်ကို အရည်ညှစ်ပြီး တိုက်ပေးရင် အဆိပ်တွေ ပြန်အန်ထုတ်ပြီး သက်သာစေနိုင်ပါတယ်။ ကယ်လိုရီ ပါဝင်မှု နည်းပါးတာကြောင့် နှလုံးအတွက် ကောင်းမွန်စေပါတယ်။ အင်ဆူလင်လို အာနိသင်ရှိတာကြောင့် ဆီးချို သွေးချို ဖြစ်စေခြင်းကိုလည်း လျော့ချပေးပါတယ်။

Photo Credit: greenishthumb.net