နေရာဒေသတစ်ခုကို သွားရင်တော့ အဲဒီနေရာဒေသရဲ့ နာမည်ကျော် အစားအစာတွေကို မဖြစ်မနေစားခဲ့ဖို့တော့လိုပါတယ်နော်။ အခုတလော ဗီယက်နမ်နိုင်ငံကို သွားရောက်လည်ပတ်ကြတာတွေ များနေတော့ ဗီယက်နမ်နိုင်ငံရဲ့ မြို့တော် ဟနွိုင်းကိုရောက်ခဲ့ရင် ဘယ်လိုအစားအစာတွေ စားကြမလဲဆိုကို မျှဝေပေးချင်ပါတယ်။ ဒါကြောင့် ဟနွိုင်းမြို့ရောက်ရင် စားကြည့်သင့်တဲ့ နာမည်ကြီး အစားအစာတွေကို ပြောပြပေးမယ်နော်။

ဟနွိုင်းမြို့က အရသာရှိလှတဲ့ ဒေသအစားအစာတွေနဲ့ နာမည်ကြီးတဲ့ မြို့တစ်မြို့လို့ ဆိုနိုင်သလို အစားအစာတွေကလည်း ဈေးနှုန်းသင့်တင့်ပြီး အရသာ ကောင်းပါတယ်။

အထူးသဖြင့် ဟနွိုင်းမြို့ရောက်ရင် Hanoi Old Quarter ကို မဖြစ်ဖြစ်အောင် သွားနော်။ ကျဉ်းမြောင်းတဲ့ လမ်းတွေမှာ ဖွင့်ထားတဲ့ လူတွေစည်ကားနေတဲ့ ညဈေး မှာ တိုးဝှေ့ပြီး ဒေသအစားအစာတွေ စားရတာ ရန်ကုန်က ယခင်တရုတ်တန်းကို ရောက်သွားသလိုဘဲ။

ဗီယက်နမ်နိုင်ငံက တခြားမြို့တွေရဲ့ အစားအစာတွေနဲ့ ဟနွိုင်းက အစားအစာတွေ မတူတာကတော့ ဟနွိုင်းဒေသအစားအစာတွေက အချိုဘက် နည်းနည်းရောက်ပြီး ရေချို ပုစွန်၊ ပြည်ကြီးငါး၊ ဂဏန်းတွေ စတဲ့ ပင်လယ်စာတွေလည်း လတ်လတ်ဆတ်ဆတ် ရနိုင်ပါတယ်။

ဒါကြောင့် ဟနွိုင်းမြို့ကို သွားရောက်လည်ပတ်ရင် ဒေသစာလေးတွေ စားခဲ့မှ ပြီးပြည့်စုံတဲ့ ခရီးဖြစ်မှာနော်။

ကော်ဖီ

ဗီယက်နမ်နိုင်ငံရဲ့ နာမည်အကြီးဆုံးက ကော်ဖီဘဲဖြစ်ပါတယ်။ နိုင်ငံက ကော်ဖီကနေ အဓိက ဝင်ငွေအများဆုံး ရရှိတာပါ။ Hanoi Old Quarter၊ St.Joseph Cathedral ၊ Long Biên Bridge တို့ နားရောက်ရင် ကော်ဖီသောက်ခဲ့ကြပါ။

မြို့ထဲက ကော်ဖီဆိုင် Café Lam ဆိုရင် ဟနွိုင်းမြို့ရဲ့ သက်တမ်းအကြာဆုံး ကော်ဖီဆိုင်ထဲက တစ်ဆိုင်ဖြစ်ပါတယ်။ ဗီယက်နမ် စတိုင် ကော်ဖီ ပူနဲ့အအေးကို နို့ပျစ်ပျစ်နဲ့သောက်သုံးလို့ရပါတယ်။

Bun Thang ( ကြက်သား၊ ကြက်ဥ (သို့ ) ဝက်သား ဆန် ခေါက်ဆွဲ)

Bung Thang (သို့) ဆန် ခေါက်ဆွဲ ကို ကြက်သား၊ ကြက်ဥ သို့ ဝက်သားတို့နဲ့ ကြိုက်တာရွေးပြီး တစ်နေ့လုံး ကြိုက်တဲ့အချိန် မှာစားလို့ရပါတယ်။

Bung Thang ခေါက်ဆွဲကို ပုစွန်ခြောက်၊ ပြည်ကြီးငါး၊ ကြက်သွန်နီ၊ ဂျင်း၊ မှို၊ တရုတ်နံနံပင်၊ ငါး၊ ငံပြာရည်၊ ရှာလကာရည် စတဲ့ ပါဝင်ပစ္စည်းပေါင်း ၂၀ ကျော်နဲ့ ချက်ထားတာပါ။

Hanoi Old Quarter မှာ ရနိုင်ပြီး တစ်ပွဲကို ဒေါင် ၃သောင်း (အမေရိကန် ဒေါ်လာ ၁ ကျပ် ကျော်လောက်ဘဲ) ရှိပါတယ်။

Cha Ca

ငါးကို ကြက်သွန်ဖြူ၊ ဂျင်း၊ ဆနွင်း၊ စမုံစပါး တို့နဲ့ ကြော်ထားတဲ့ ဟင်းလျာမျိုးဖြစ်ပါတယ်။ ခေါက်ဆွဲ တစ်ပွဲ (သို့မဟုတ်) ထမင်း တစ်ပွဲနဲ့ Cha Cha ကို တွဲစားရင် အရမ်းကို လိုက်ဖက်မှုရှိပါတယ်။

Cha Ca လေးက Hanoi Old Quarter မှာ နာမည်ကြီး ဟင်းလျာတစ်မျိုးဖြစ်တာကြောင့် စားခဲ့ဖို့လည်း မှာလိုက်ချင်ပါတယ်။

Mien Xao Luon (ငါးရှဉ့်ကြော်)

Mien Xao Luon ငါးရှဉ့်ကြော်တစ်မျိုးဖြစ်ပြီး ပဲကြာဇံရယ်၊ သခွားသီး၊ ကြက်ဥ၊ ပဲပင်ပေါက်၊ ကြက်သွန် စတာတွေနဲ့ ရောနှောချက်ပြုတ်ထားပါတယ်။

ငါးရှဉ့်ကြော်လေးကို လတ်ဆတ်တဲ့ အသီးအရွက်တွေ နဲ့ အတူ တွဲစားရမှာဖြစ်ပါတယ်။

ဟနွိုင်းမှာ Xien Xao Luon (ငါးရှဉ့်ကြော်)ကို အလွယ်တကူ ရှာဖွေ စားသောက်နိုင်ပါတယ်။ ဟင်းပွဲအပေါ် မူတည်ပြီး တစ်ပွဲကို ဒေါင် ၃ သောင်းခွဲ (ကန်ဒေါ်လာ ၁ ဒေါ်လာ) ကနေ ၅သောင်း (ကန်ဒေါ်လာ ၂ ဒေါ်လာ) ကြားရှိပါတယ်။

Bun Rieu (ဆန် ခေါက်ဆွဲ တစ်မျိုး)

Bun Rieu က ဆန်ခေါက်ဆွဲတစ်မျိုးဖြစ်ပြီး ဂဏန်းနဲ့ ပုစွန်အရသာပါဝင်တဲ့အပြင် ခရမ်းချဉ်သီးကို အဓိကသုံးထားတဲ့ ဟင်းလျာတစ်မျိုးပါ။

မြန်မာပြည်မှာ မနက်စာကို မုန့်ဟင်းခါးစားကြသလို Bun Rieu (ဆန်ခေါက်ဆွဲ)ကို မနက်စာအဖြစ် စားသုံးကြတာများပါတယ်။

ဆန်ခေါက်ဆွဲကို ပဲပင်ပေါက်၊ ပုစွန်အနှစ်၊ အရွက်တွေ၊ တို့ဟူး စတာတွေနဲ့လည်း တွဲစားလေ့ရှိပါတယ်။

ဗီယက်နမ် အစားအစာတွေရဲ့ ထုံးစံအတိုင်း ခေါက်ဆွဲပြုတ်မှာစားရင် ခေါက်ဆွဲနဲ့ တွဲစားဖို့ အသီးအရွက်တွေ အစုံလာချပေးတတ်လို့ မိမိကြိုက်နှစ်သက်ရာနဲ့ စားသုံးလို့ရပါတယ်။ ဒီဆန်ခေါက်ဆွဲကိုလည်း Old Quarter မှာ ရရှိနိုင်ပါတယ်။

Chim Quay (ခိုသားကင်)

အထူးအဆန်းတွေ စားချင်သူတွေအတွက် နောက်ထပ် မိတ်ဆက်ပေးချင်တာက Chim Quay (ခိုသားကင်) ပဲဖြစ်ပါတယ်။

ခိုတစ်ကောင်လုံးကို ကင်ထားပြီး အဆီနည်းနည်း စိမ့်စိမ့်လေးနဲ့ စားလို့ ကောင်းပါတယ်။

Nom Chim Quay ကတော့ ခိုသားကင်ကို ဆလပ်ရွက်၊ကြက်သွန်၊မုန်လာဥနဲ့ သင်္ဘောသီးလေးနဲ့ တန်ဆာဆင်ပြီး ခင်းကျင်းထားလေ့ရှိပါတယ်။

HOI Corner မှာသွားထိုင်ပါ

ဘီယာကြိုက်တတ်တဲ့သူတွေဆိုရင် ဒီနေရာလေးကို သဘောကျကြမှာပါ။ ဗီယက်နမ်မှာ ဘီယာက ၁၂ လုံး ဝယ်မှ ၃ ဒေါ်လာလောက်ပဲ ကျပြီး အရမ်းကို ဈေးသက်သာပါတယ်နော်။ Bia Hoi Corner လို့ လူသိများကြတဲ့ နေရာမှာလည်း အေးအေးလူလူ ဒေသထွက် ဘီယာလေး ထိုင်သောက်လို့ရပါတယ်။ ဘီယာမသောက်ချင်တဲ့သူတွေအတွက်လည်း ကိစ္စမရှိပါဘူး။ လေနုအေးအေးလေးကို ခံစားလို့ရပြီး အချင်းချင်း အေးအေးဆေးဆေး စကားစမြည်ပြောနိုင်တဲ့နေရာတစ်ခုဖြစ်လို့ သွားသင့်တဲ့နေရာပါ။ ည ၉း၀၀ ထိနေလို့ရပါတယ်။

သိထားသင့်တဲ့ ဗီယက်နမ်အစားအစာနဲ့ လူမှုယဉ်ကျေးမှု

 

ဗီယက်နမ်နိုင်ငံဟာ အာရှတိုက်အတွင်းက နိုင်ငံဖြစ်တာနဲ့ အညီ အစားအစာတွေက ချဉ်၊ ငန်၊စပ်၊ခါး၊အချို စသဖြင့် အရသာတွေ စုံလင်လှပါတယ်။

ဗီယက်နမ်အစားအစာတွေဟာ ဗီယက်နမ်တို့ရဲ့ ယဉ်ကျေးမှုတွေ ထင်ဟပ်နေပါတယ်။ မိသားစု လက်စုံစားကြတဲ့အခါမှာပဲဖြစ်ဖြစ်၊ အများနဲ့ စားတဲ့အခါမှာပဲဖြစ်ဖြစ် တစ်ယောက်ကိုယ်တစ်ယောက်လေးစားမှု၊ မိမိကိုယ်ကို လေးစားမှုနဲ့ အိန္ဒြေရရ စားသုံးကြပါတယ်။

ကြီးသူကို အရင်းဆုံး ဟင်းဦးချတဲ့ ဓလေ့လည်းရှိပါတယ်။ မြန်မာလူမျိုးတွေလိုပဲ သူတို့ရဲ့ နွေးထွေးကြင်နာမှုကိုပြတဲ့အနေနဲ့ ဧည့်သည်တွေကို ထမင်းဖိတ်ကျွေးလေ့ရှိပါတယ်။ တကယ်လို့ ဗီယက်နမ်မိသားစုက ထမင်းစားဖိတ်တဲ့အခါမှာလည်း သူတို့ရဲ့ ယဉ်ကျေးမှုတွေကို လေးစားလိုက်နာဖို့လိုပါတယ်နော်။

ဘာနဲ့သွားကြမလဲ ဘယ်လောက်ကုန်မလဲ

ဗီယက်နမ်နိုင်ငံ ဟနွိုင်းကိုသွားမယ်ဆိုရင်တော့ သင့်တင့်မျှတတဲ့ဈေးနှုန်းနဲ့ ရန်ကုန်-ဟိုချီမင်းအပြင် ဟနွိုင်းမြို့ကိုပါ ပြေးဆွဲပေးနေတဲ့ VietJet လေကြောင်းလိုင်း နဲ့ သွားဖို့အကြံပြုလိုက်ပါစေနော်။ http://www.vietjetair.com မှာ Debit/Credit Card တစ်ခုခုကိုသုံးပြီး လက်မှတ်ဝယ်လို့ရပါတယ်။

ရန်ကုန်-ဟနွိုင်း ခရီးစဉ်ကို Vietjet လေကြောင်းလိုင်းက နေ့စဉ် ပြေးဆွဲနေပြီး ပရိုမိုးရှင်း အစီအစဉ်တွေလည်း ရှိနေတယ်နော်။

ဟနွိုင်းမြို့အပြင် တခြားသဘောကျတဲ့ နေရာတွေကိုသွားလည်မယ်ဆိုရင်တော့ ၃ ညအိပ် ၄ ရက်ကို ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၄၀၀ ကျော် ၅၀၀ ဝန်းကျင်လောက် ကုန်ကျမှာဖြစ်ပါတယ်။ ဈေးနှုန်းသက်သာတဲ့ ဟိုတယ်တွေကတော့ Old Quarter မှာ ရှိပါတယ်။ ကိုယ်သွားမယ့်ရက်နဲ့ ကိုယ်သွားမယ့်ခရီး အပေါ်မှာတော့ မူတည်သလို ကိုယ်သုံးမယ့်နှုန်းအပေါ်မှာလည်း မူတည်ပါတယ်နော်။