ငှက်ပျောသီးကိုတော့ အားလုံးပဲကြိုက်နှစ်သက်ကြမယ်လို့ထင်ပါတယ်။ ကျန်းမာရေးကိုလည်းကောင်းမွန်စေပြီး ခန္ဓာကိုယ်ကိုလည်း အားအင်တွေပြည့်ဝစေပါတယ်။ တော်တော်များများကတော့ ငှက်ပျောသီးကိုစားပြီးသွားရင် အခွံတွေကိုလွှတ်ပစ်လိုက်တတ်ကြပါတယ်။

တကယ်တော့ ငှက်ပျောသီးရဲ့အခွံကသုံးတတ်မယ်ဆိုရင် အလှအပအတွက်နည်းလမ်း အမျိုးမျိုးနဲ့အသုံးဝင်နေတာကြောင့် နည်းလမ်းကောင်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

သွားတွေကိုဖြူစင်လာစေပါတယ်

ငှက်ပျောသီးအခွံမှာပါဝင်နေတဲ့ အက်စစ်ဓာတ်တစ်မျိုးက သင်သွားတွေကိုစွန်းထင်းမှုတွေမဖြစ်စေပဲ သွားကျန်းမာရေးကိုလည်း ပိုပြီးတော့ကောင်းမွန်လာစေပါတယ်။ သင့်သွားလေးတွေကို ဖြူစင်ချင်တဲ့အချိန်တိုင်းမှာ ဒီနည်းလမ်းတွေကိုလုပ်ကြည့်လို့ရတယ်နော်။ ငှက်ပျောသီးအခွံရဲ့အတွင်းပိုင်းနဲ့ သင့်သွားတွေပေါ်မှာ မိနစ်အနည်းငယ်လောက်ကြာအောင် ပွတ်တိုက်ပေးလိုက်ပါ ပြီးရင်တော့ သွားတိုက်ဆေးနဲ့ပုံမှန်တိုင်း သွားတိုက်ပေးလိုက်မယ်ဆိုရင်တော့ အချိန်ခဏလေးအတွင်းမှာပဲ ဖြူစင်တဲ့သွားတွေကို ပိုင်ဆိုင်ရမှာပဲဖြစ်ပါတယ်။

ဝက်ခြံတွေကိုလျော့နည်းစေတယ်

ငှက်ပျောသီးရဲ့အခွံက ဝက်ခြံတွေကိုလျော့နည်းစေတယ်ဆိုတော့ နည်းနည်းတော့ထူးဆန်းနေပါတယ်။ မျက်နှာပြင်ပေါ်မှာရှိနေတဲ့ ဝက်ခြံနဲ့ အဆီဖုတွေကိုလျော့နည်းစေဖို့အတွက် ငှက်ပျောသီးအခွံနဲ့ ဖြေရှင်းလို့ရပါတယ်။ မျက်နှာကိုရေအေးလေးနဲ့သန့်စင်ပေးပြီး ခြောက်အောင်မျက်နှာသုတ်ပဝါနဲ့ သုတ်ပေးလိုက်ပါ။ ပြီးရင်တော့ ငှက်ပျောသီးအခွံနဲ့ မျက်နှာတစ်ပြင်လုံးကို နှံ့အောင်ပွတ်ပြီးနှိပ်နယ်ပေးလိုက်ပါ။ မိနစ်အနည်းငယ်လောက်ထားပေးဖို့တော့လိုတယ်နော် ဒါမှလည်းငှက်ပျောသီးမှာပါနေတဲ့ အာဟာရဓာတ်တွေက မျက်နှာအသားအရေထဲကိုစိမ့်ဝင်သွားမှာပေါ့။

အရေးအကြောင်းတွေကိုလည်း လျော့နည်းစေပါတယ်

မျက်နှာအသားအရေပေါ်မှာဖြစ်တတ်တဲ့ အရေးအကြောင်းဖြစ်တာတွေကို လျော့နည်းစေဖို့အတွက်ဆိုရင်လည်း ငှက်ပျောသီးခွံက ကူညီပေးနိုင်ပါသေးတယ်။ မျက်နှာပေါ်မှာ ငှက်ပျောသီးခွံအတွင်းပိုင်းနဲ့ ပွတ်ပေးပြီး မိနစ် ၂၀ လောက်ထားထားပေးလိုက်ပါ။ အချိန်ပြည့်သွားရင်တော့ ရေနွေးနွေးလေးနဲ့မျက်နှာကို ပြန်ပြီးသစ်ပေးလိုက်ရုံပါပဲ။ နေ့တိုင်းလုပ်ပေးမယ်ဆိုရင်တော့ သိသာတဲ့အကျိုးရလဒ်ကို ရရှိလာမှာပဲဖြစ်ပါတယ်နော်။

ဒီအချက်တွေကတော့ ငှက်ပျောသီးအခွံကနေပြီးတော့ ရရှိလာမယ့်အကျိုးရလဒ်တွေဖြစ်ပြီး ပုံမှန်လုပ်ပေးသွားမယ်ဆိုရင်တော့ ငှက်ပျောသီးအခွံရဲ့ တန်ဖိုးရှိပုံတွေကို လက်တွေ့မြင်တွေ့လာရမှာပဲဖြစ်ပါတယ်။

Photo Source: Pinterest