လူတိုင်းနီးပါးဟာ မနက်မိုးလင်းတာနဲ့ သက်ဆိုင်ရာ အလုပ်ကိုယ်စီအတွက် ရုန်းကန်ရှုပ်ရှားနေကြရပါပြီ။ ဟိုးအရင်တုန်းကလို မနက်စာကို မိသားစုစုံစုံလင်လင်နဲ့ ဝိုင်းဖွဲ့စားသောက်ဖို့ဆိုတာ တော်တော်ရှားသွားပါပြီ။ အလုပ်သွားခါနီး ကော်ဖီနဲ့ မုန့်တစ်ခုကို ကမန်းကတန်း စားသွားရတဲ့ လူတွေ တချို့ဆို မနက်စာတောင် မစားနိုင်ဘဲ အပြေးအလွှား အလုပ်သွားရတဲ့ လူတွေ များပါတယ်။

တချို့ကျတော့ စားဖို့ အတွက် အချိန်ကို မပေးလိုက်နိုင်တာမျိုးတွေ ရှိတတ်ပါတယ်။ ဒါပေမယ့် ဘယ်လိုပဲ ဖြစ်ဖြစ် မနက်စာကို ကော်ဖီလာက် ဘီစကစ်လောက် မဟုတ်ဘဲ သေချာစားဖို့ အကြံပြုပါရစေ။ ဘာကြောင့်လဲဆိုတော့ မနက်စာ မစားခြင်းရဲ့ ဆိုးကျိုးတွေဟာ ဘဝနေထိုင်မှုနဲ့ ကျန်းမာရေးကို ထိခိုက်လာနိုင်တဲ့ အတွက်လို့ ဖြေပါရစေ။

၁။ ဆီးချိုဖြစ်စေမယ့် အန္တရာယ်ကို လျှော့ချစေတယ်

မနက်စာ မစားတာနဲ့ ဆီးချိုတက်ခြင်းဟာ အချိတ်အဆက် ရှိတယ်လို့ စမ်းသပ်တွေ့ရှိမှုတွေက ဆိုထားပါတယ်။ ကမ္ဘာ့ဆေးပညာရှင်တွေကတော့ မနက်စာ စားခြင်းဟာ ကျန်တဲ့ နေ့တစ်နေ့တာရဲ့ အစာစားချင်တဲ့ အာသီသကို ပုံမှန်ဖြစ်စေတယ်လို့ ဆိုပါတယ်။ မနက်စာစားခြင်းဟာ အင်ဆူလင်ဓာတ်ကို ရစေပြီး ဆီးချိုနဲ့ သွေးတိုးရောဂါတို့ကို ထိန်းချုပ်ပေးနိုင်တယ်လို့ ရောဂါကူးစက်ပျံ့ပွားရေး ပညာရပ်ဆိုင်ရာ သုတေသီတွေက ဆိုထားပါတယ်။ ဒါကြောင့် အရေးကြီးတာက “မနက်စာ စားဖို့ မမေ့ပါနဲ့”

၂။ နှလုံးကျန်းမာရေးအတွက် အရေးကြီးတယ်

မနက်စာကို ပုံမှန် မစားတဲ့ လူတွေဟာ နှလုံးရောဂါ ဖြစ်ပွားဖို့ ၂၇% ရှိတယ်လို့ ဟားဗတ်တက္ကသိုလ် ကျန်းမာရေး ဌာနက ပြောထားပါတယ်။ သုတေသန ပညာရှင်တွေက အမျိုးသား ၂၆၀၀၀ ကို ၁၆နှစ်တာ စောင့်ကြည့်လေ့လာခဲ့ပြီး ဒီအဆိုကို အတည်ပြုခဲ့တာလို့ ပြောပါတယ်။ မနက်စာ မစားသူတွေက Heart Attacks နဲ့ နှလုံးဆိုင်ရာ ပြဿနာတွေကြောင့် သေဆုံးရတယ်လို့ ပြောပါတယ်။

၃။ ပရိုတိန်းဓာတ်ဟာ Junk Food တွေကို ရှောင်ရှားဖို့ အထောက်အကူ ဖြစ်စေတယ်

ရိုးရိုးရှင်းရှင်း တွေးကြည့်မယ်ဆိုရင် မနက်စာ စားခြင်းဟာ တစ်မနက်လုံးမှာ စာလောင်ခြင်းကို မဖြစ်ပေါ်စေသလို ဝမ်းဗိုက်ကို တင်းတိမ်ရောင့်ရဲစေတယ်ဆိုတာ တွေးမိမှာပါ။ မနက်စာမှာ ပါဝင်တဲ့ ပရိုတိန်းဓာတ်ဟာ တစ်နေ့တာလုံးအတွက် အထောက်အကူဖြစ်စေပါတယ်။ ကြက်ဥ၊ အသားနဲ့ ဒိန်ချဉ် ကို မနက်စာထဲမှာ ပါဝင်အောင် စားထားမယ်ဆိုရင် ညနေခင်းတွေမှာ သရေစာ စားခြင်းစိတ်ကို လျော့နည်းစေပါတယ်။ ဝိတ်ထိန်းနေသူတွေ ဆိုရင်တော့ မနက်စာကို မဖြစ်မနေ စားသုံးပေးဖို့ လိုပါလိမ့်မယ်။

Breakfast

၄။ မနက်စာဟာ တက်ကြွတဲ့ နေထိုင်မှုပုံစံကို အထောက်အကူ ဖြစ်စေတယ်

မနက်စာ စားတဲ့လူတွေဟာ ရုပ်ပိုင်းဆိုင်ရာ ပိုမို သန်မာပြီး နေ့စဉ်လုပ်ငန်းဆောင်တာတွေကို ပိုမို လုပ်နိုင်ကြပါတယ်။ မနက်ပိုင်း လေ့ကျင့်ခန်းလုပ်သူတွေဟာ အစာနဲနဲ စားပြီး လုပ်ဆောင်မယ်ဆိုရင် ကယ်လိုရီကို ပိုမို လောင်ကျွမ်းစေပါတယ်။ ဒါကြောင့် တစ်နေ့တာလုံး တက်ကြွနေစေချင်တယ်ဆိုရင်တော့ မနက်စာ စားဖို့ အချိန်နည်းနည်းပေးလိုက်ပါ။

၅။ မနက်စာစားခြင်းဟာ အာရုံစူးစိုက်မှုကို ပိုမိုရရှိစေနိုင်တယ်

ဒီအကြောင်းပြချက်ကြောင့်ပဲ တချို့တိုင်းပြည်တွေရဲ့ ကျောင်းတွေမှာ ကျောင်းသားတွေကို မနက်စာ စားစေပါတယ်။ အာဟာရပညာရှင်တွေကတော့ မနက်ပိုင်းမှာ အစာတစ်ခုစားခြင်းဟာ သင်ယူလေ့လာမှုတွေကို ပိုမို အားကောင်းစေတယ်လို့ ဆိုပါတယ်။ ညပိုင်း အိပ်စက်နေတဲ့ အချိန်တွေမှာ သွေးထဲက သကြားဓာတ်ဟာ လျော့ချနေတတ်ပြီး မနက်စာ စားခြင်းဟာ ဒီလျော့ချမှုကို အစားထိုးပေးနိုင်ပါတယ်။ အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေနဲ့ ပရိုတိန်းဓာတ်တွေ ပြည့်ဝတဲ့ အစားအစာတွေကိုသာ မနက်စာအဖြစ် စားသုံးမယ်ဆိုရင် ဦးနှောက်မှတ်ဉာဏ်တွေကို ပိုမိုကောင်းမွန်စေနိုင်ပါတယ်။