နာမည်လေးက တမျိုးဆန်းတယ်နော်..အောင်မဲညို သာကူမုန့်ဖက်ထုပ်တဲ့။ ရိုးရိုးမုန့်ဖက်ထုပ်လည်းမဟုတ်ဘဲ အောင်မဲညို သာကူမုန့်ဖက်ထုပ်လေးက အရောင်လေးလည်းလှပြီး အရသာကလည်း အထူးကောင်းမွန်လို့ ကိုယ့်ဘာသာအပျင်းပြောလုပ်စားတာဖြစ်ဖြစ်၊ အလှူပွဲရှိလို့ အချိုပွဲအနေနဲ့လုပ်ချင်ရင်ဖြစ်ဖြစ် အချိန်မရွေးလုပ်ဆောင်နိုင်ပါပြီ။

ပါဝင်ပစ္စည်းများ

  • ကောက်ညှင်းမှုန့် – အထုပ်သေးတစ်ထုပ် ၃၀သားခန့်.
  • သာကူ – ၂၀သား
  • ဆီ – ၅ကျပ်သားခန့်
  • သကြား – ၁၅ကျပ်သား
  • အုန်းသီး – တစ်လုံး.ခြစ်ပြီးသား
  • အောင်မဲညိုပန်းပွင့် – လက်တဆုပ်စာခန့်
  • ဆား လက်ဖက်ဇွန်း – ၂ဇွန်း
  • ငှက်ပျောရွက် ကိုပျော့ပြီးမွှေးလာအောင် မီးကင်ထားပါ။ မုန့်ထုပ်တဲ့အခါ လွယ်ကူအောင်ပါ။

ပြုလုပ်နည်း

ပထမဦးစွာ‬ အုန်းယိုထိုးပါမယ်။ သကြား ၁၅ကျပ်သားကို ရေ ထမင်စားဇွန်း၂ဇွန်း နဲ့ ဆား လက်ဖက်ဇွန်း တစ်ဇွန်း ထည့်ပြီး သကြားရည်ပျစ်တဲ့ထိ ကျို၍ အုန်းသီးဖတ်များ ထည့်ကာ သစ်သားယောင်းမဖြင့် အသာအပေါ် အောက်လှန်ပေးပါ။ ရေခန်းပြီး စီးနေအောင် ထိုးပြီး မီးပိတ် အအေးခံ ထားပါ။

‪‎အောင်မဲညို ပန်းပွင့်ကို‬ ဆေးကြော သန့်စင်ပြီး ရေနွေးဆူဆူ တစ်ခွက် လောင်းထည့်ကာ ၅မိနစ်ခန့် စိမ်ထားပြီးမှ ပန်းပွင့်များအား ခြေပေးပါ။ သဘာဝ အပြာရောင် ပန်းပွင့် အရည်များ ရပါလိမ့်မယ်။

သာကူကို ရေဆေးပြီး ဇကာနဲ့စစ် အခြောက်ခံပြီး အပြာရောင် အောင်မဲညို ပန်းပွင့် အရည်များ လောင်း ထည့်ပါ။ ၃ မိနစ်အတွင်း သာကူစေ့များ အပြာရည်တွေ စုပ်ယူပြီး ပွလာမှာ ဖြစ်ပါတယ်။ ကောက်ညှင်းမှူန့်ကို ဆား လက်ဖက်ဇွန်း တစ်ဇွန်းထည့်‬၍ ရေခွက်ဝက်ခန့် ဖြင့်ရောနယ် ထားပါ။

ကောက်ညှင်းမှုန့်နှစ်ကို အနေတော်လေးတွေလုံးပြီး အပြားပုံစံလေးလုပ်ကာ အလယ်မှာ အုန်းယို ထည့်ကာ ပိတ်ပြီး အလုံးပုံစံလေးဖြစ်အောင် လုံးပြီး ဆီပုဂံလုံးထဲနှစ်ထားပါ။

ငှက်ပျောရွက်ကို အဝတ်သန့်ဖြင့် သုတ်ပြီး၊ အနေတော်လေးတွေ ညှပ်ပြီး ကန်တော့ပုံစံ ခပ်ချွန်ချွန်လေး လုပ်ပြီး၊ သာကူစေ့ အနည်းငယ် အရင်ထည့်ပါ။ အလယ်မှာ ကောက်ညှင်း မုန့်လုံးထည့်ပါ။ နောက်ဆုံး သာကူစေ့များနဲ့ ပြန်ပိတ်ပြီး ထုပ်ပါ။

၂ထပ်ပေါင်းအိုးထဲ ရေ ၇၀%ခန့် ထည့်ပြီး အပေါ်ထပ်က မုန့်ထုပ်လေးများ စီထည့်ကာ၊ မီနစ် ၅၀ ခန့် မုန့်ကျက်သည်အထိ ပေါင်းပြီး အအေးခံကာ သုံးဆောင်နိုင်ပါပြီ။

Credit: Thidar Lay Lay