ဈေးဝယ်တဲ့အခါ အိမ်ရှင်မတွေဟာ ကောင်းမွန်ပြီးလတ်ဆတ်တဲ့ အသီးအနှံတွေကိုသာ ရွေးချယ်ဝယ်ယူချင်ကြပါတယ်။ တချို့အသီးအနှံတွေကို ဘယ်လိုရွေးချယ်လဲဆိုတာနဲ့ ဘယ်လိုပုံစံ ဆေးကြောသိမ်းဆည်းရမလဲဆိုတာလေးကို မျှဝေပေးထားပါတယ်။

  •  မုန်လာဥနီ – အရောင်ရင့်လေ ပိုကောင်းလေပါပဲ။
  •  ဘူးသီး – မ ကြည့်ပါ။ လေးပြီး တစ်နေတာမျိုးက ပိုကောင်းပါတယ်။
  • ကြက်ဟင်းခါးသီး – အစိမ်းရင့်ရောင်ရှိလေ ပိုကောင်းလေပါပဲ။
  •  ခရမ်းသီး – အညိုရောင်ဖြစ်နေရင် မကောင်းပါဘူး။
  • ဂေါ်ဖီထုပ် – မ ကြည့်လို့ လေးပြီးတစ်နေရင် ကောင်းပါတယ်။

  • ဂေါ်ဖီပွင့် အဖြူ/အစိမ်း – အပေါ်မှာ ညိုပြီးမဲနေရင် မကောင်းပါဘူး။
  • ဘိုစားပဲ – ထိပ်လေးကိုချိုးကြည့်ပါ။ ကျိုးသွားရင် လတ်ဆတ်တာပါ ကွေးရုံပဲကွေးတယ်ဆိုရင် မလတ်တော့ပါဘူး။
  • အုန်းသီး – အသီးကို လှုပ်ကြည့်ပါ။ အထဲက ရေသံများများ ကြားရရင်ကောင်းပါတယ်။
  • ဒန့်ဒလွန်သီး – ကိုင်လိုက်ရင် တင်းတင်းရင်းရင်း ဖြစ်နေတာ စားဖို့ အသင့်တော်ဆုံးပါ။ ပိန်လိမ်နေတာ ဒါမှမဟုတ် ပျော့နေတာဆိုရင် မကောင်းပါ။
  • ငရုတ်သီးစိမ်း – သူကတော့ အမြင်နဲ့ ဆုံးဖြတ်လို့ ရပါတယ်။ ဒါပေမယ့် တချို့အတောင့်တွေက အစိမ်းနုရောင် ခပ်ဖျော့ဖျော့ဆို နုနေပါသေးတယ်။ စားရင်မစပ်ပါဘူး။
  • ရုံးပတီသီး – အဖျားပိုင်းအချွန်လေးကို ချိုးကြည့်ပါ။ ကျိုးသွားရင်နုပါတယ်။ တချို့ဆိုင်တွေက ပေးမချိုးပါဘူး ဒါဆိုကိုင်ပြီးဖျစ်ကြည့်ပါ။ ပျော့ရင်နုပါတယ်။

  • ကြက်သွန်နီ – မဲနေတာမျိုးမဝယ်ပါနဲ့။ အလေးချိန်မစီးချင်ရင်တော့ အညှာကျစ်တာရွေးပါ။
  • ငှက်ပျောဖူ – ကိုင်ကြည့်ရင် လေးပြီး တစ်တစ်လေးဖြစ်နေရပါမယ်။ အထဲက ငှက်ပျောသီးအဆံလေးတွေက လတ်ဆတ်နေရပါမယ်။
  • ငှက်ပျောပင် – အဖြုရောင်ကို ကြည်ကြည်လင်လင်လေးဖြစ်နေတာဝယ်ပါ။
  • အာလူး – ပျော့နေရင်တော့ ဝေးဝေးကရှောင်ပါ။ မကြာခင်မှာ သူက ပုပ်ပါတော့မယ်။ တချို့အာလူးတွေမှာ အမြစ်လေးတွေ ထွက်နေတာတွေ့ဖူးပါလိမ့်မယ်။ ဒါဆို ချက်ဖို့အတွက် မကောင်းပါဘူး။
  • သခွားသီး – လတ်ဆတ်တဲ့ သခွားသီးဟာ ပျော့မနေရပါဘူး။
  • ကင်ပွန်းချဉ်ရွက်/မန်ကျည်းရွက် – သူကတော့ အမြင်နဲ့တင်ရပါတယ်။ အစည်းကိုကိုင်လိုက်လို့ အရွက်လေးတွေ ကြွေကျနေတယ်ဆိုရင် သိပ်မလတ်တော့ပါဘူး။
  • မုန်လာဥအဖြူ – အရွက်စိမ်းတွေပါတယ်ဆိုရင်တော့ ပိုပြီးလတ်ဆတ်ပါတယ်။ အရွက်မပါတဲ့ဟာဆိုရင်တော့ ပျော့နေရင်ရှောင်ပါ။

  1. အသီးအရွက်တွေကို ပိုးသတ်ဆေးနဲ့ ဓာတုပစ္စည်းတွေရန်က ကင်းစေဖို့ ရေဇလုံထဲမှာ ဆား တစ်ဇွန်းနဲ့ နနွင်းအနည်းငယ် (သို့) မုန့်ဖုတ်ဆော်ဒါတစ်ဇွန်း (သို့) Vinegar တို့ကိုထည့်ပြီး အသီးအရွက်တွေကိုမစားခင် မိနစ် ၂၀ လောက် စိမ်ထားပေးပါ။ ပြီးရင် ရေပြန်ဆေးပြီးမှ ချက်ပြုတ်ပါ။
  2. ပန်းသီးနဲ့ စပျစ်သီးတွေကိုမစားခင် ရေနွေးကြက်သီးနွေးလေးထဲမှာ ၁နာရီလောက် စိမ်ထားပါ။ ပြီးရင် ရေနဲ့ပြန်ဆေးပြီးမှစားသုံးပါ။ သူတို့ရဲ့ အခွံပေါ်မှာရှိတဲ့ ပိုးသတ်ဆေးတွေကို ဖယ်ရှားဖို့အတွက်ပါ။
  3. အသီးတွေနဲ့အရွက်တွေကို အခွံနွှာပြီးတဲ့အခါမှာလည်း ထပ်ပြီးတော့ဆေးသင့်ပါတယ်။ အဲ့လို ဆေးလိုက်လို့ အာဟာရဓာတ်တွေ လျော့မသွားစေပါဘူး။
  4.  ပဲသီး၊ ရုံးပတီသီးနဲ့ သခွားသီးလို အသီးမျိုးတွေကို မစားခင် ရေ ၃ ထပ်ဆေးပါ။
  5.  တချို့ဟင်းချက်တဲ့အခါမှာ ကြက်သွန်နီအသေးလေးတွေကို ထောင်းပြီးထည့်ချက်ပါတယ်။ တခါတလေ အဲ့ဒီ ကြက်သွန်နီအသေးလေးတွေက အခွံနွှာရခက်တတ်ပါတယ်။ အဲ့ဒီအခါ ခဏလေး ရေစိမ်ထားပြီးမှ နွှာပါ။

  1.  ကြက်သွန်နီတွေကို အခွံနွှာပြီးတဲ့အခါတိုင်း ရေဆေးပါ။ မှိုတွေကပ်နေတတ်ပါတယ်။
  2.  မုန့်ဟင်းခါးချက်တဲ့အခါ ငှက်ပျောပင်ထည့်ချက်ဖို့အတွက် ငှက်ပျောပင်တွေကိုလှီးပြီး နနွင်းအနည်းငယ်ပါတဲ့ ရေမှာစိမ်ထားပါ။ ဒါမှ မဲမသွားမှာပါ။
  3. ငှက်ပျောဖူးလှီးတဲ့အခါ အစေးတွေကပ်မနေဖို့ ဒါးမှာ ဆီအနည်းငယ်ဆွတ်ပြီးလှီးပါ။
  4.  အခွံနွှာပြီးသား အာလူးတွေကို ရေထဲမှာစိမ်ထားပါ။ ခဏလေးနဲ့ မဲသွားတတ်လို့ပါ။
  5. ရုံးပတီသီးတွေကို ဟင်းထဲထည့်ခါနီးမှ လှီးပြီးထည့်ပါ။ သူ့ကိုလှီးမထားပါနဲ့။
  6.  မုန်လာဥအဖြူကို အစိမ်းမစားပါနဲ့။ သုပ်စားမယ်ဆိုရင်လည်း သံပုရာသီးညှစ်ပြီးမှစားပါ။
  7.  ကြက်သွန်နီလှီးတဲ့အခါမမွှန်စေဖို့ အနားမှာဆားအနည်းငယ်ပုံထားပါ။

Fridge
သိမ်းဆည်းပုံ

  1. အသားတွေနဲ့ အသီးအနှံတွေကို ပလပ်စတစ်အိတ်တွေနဲ့ ကြာကြာသိမ်းမထားပါနဲ့။
  2. ဈေးဝယ်တဲ့အခါ လိုအပ်သလောက်ပဲဝယ်ယူတာ အကောင်းဆုံးပါ။ ရေခဲသေတ္တာထဲ ကြာရှည်သိမ်းထားပြီး စားသုံးခြင်းဟာ ကောင်းတဲ့အလေ့အကျင့်တစ်ခုမဟုတ်ပါဘူး။
  3. ဆန်ပုံးတွေထဲကို ငရုတ်သီး အနီတောင့်လေးတွေ ထည့်ထားရင် ပုရွတ်ဆိတ်နဲ့ ပိုးမွှားလေးတွေမလာအောင် အထောက်အကူဖြစ်ပါတယ်။
  4. မန်ကျည်းသီးကို သစ်သားနဲ့ လုပ်ထားတဲ့ ခွက် ဒါမှမဟုတ် ကြွေထည်နဲ့လုပ်ထားတဲ့ ခွက်တွေထဲမှာ ထည့်သိမ်းတာက အစိုပြန်ခြင်းကို ကာကွယ်ပါတယ်။
  5. အသီးအရွက်တွေကို ရေခဲသေတ္တာထဲမှာ ထည့်သိမ်းမယ်ဆိုရင်တော့ အဝတ်အိတ်တွေနဲ့ထည့်ပါ။ တစ်ပတ်ထက်ပိုပြီး ကြာကြာမထားပါနဲ့။
  6. ငရုတ်သီးစိမ်းကို အညှာချွေပြီးမှသိမ်းပါ။

  1. ဥ (ကန်စွန်းဥ၊ ဝဥ..) နဲ့ အာလူးတွေက ရေခဲသေတ္တာထဲ ထည့်သိမ်းဖို့မလိုပါဘူး။ အခန်းအပူချိန်မှာပဲထားတာ ပိုသင့်တော်ပါတယ်။
  2. ချက်ပြီးသား ဟင်းတွေကို ၂၄နာရီထက် ပိုပြီးတော့ ရေခဲသေတ္တာထဲမှာ မသိမ်းပါနဲ့။ တစ်နေ့စာ ပမာဏကို ချက်ပြုတ်တာ ပိုကောင်းပါတယ်။
  3. ရေခဲသေတ္တာထဲမှာ သိမ်းမယ့်အရာအားလုံးကို အပိတ်တွေပဲထားပါ။ ဘူးဆိုလည်း လုံအောင်ပိတ်ထားပါ။ အိတ်ဆိုလည်း ထုပ်ထားပါ။
  4. ရေခဲသေတ္တာထဲက ယိုဘူးတွေနဲ့သနပ်ဘူးတွေမှာ ဇွန်းတန်းလန်းနဲ့ ဘယ်တော့မှ မထားပါနဲ့။ အဖုံးကိုလုံအောင်ပိတ်ပြီး ပြန်ထည့်ပါ။
  5. ပူနေသေးတဲ့ အစားအစာတွေကို ရေခဲသေတ္တာထဲ တန်းမထည့်ပါနဲ့။

အိမ်ရှင်မတွေ အတွက် အသုံးတည့်မယ်လို့ ထင်ပါတယ်။ တခြားနည်းလမ်းလေးတွေရှိရင်လည်း မျှဝေပေးခဲ့ကြပါဦးနော်။
အားလုံးပဲ ကျန်းမာကြပါစေ။

Credit: kitchenkathukutty

Photo Credit: Alamy, sparkpeople.com