အသားဟင်းတွေကို စားရတာရိုးအီသွားရင် ငါးခူဆီပြန်လေးချက်စားကြရအောင်နော်။ အချိုအရသာနဲ့ ငါးခူဟင်းကို ထမင်းနဲ့ နယ်စားလို့လည်းရမယ့် ဆီပြန်ဟင်းလေးဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

ငါးခူ – ၆၀ ကျပ်သား

နနွင်း – လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ဆား – လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ငံပြာရည် – လက်ဖက်ရည်ဇွန်း ၄ ဇွန်း

ငရုတ်ပွခြောက် – ၆ တောင့်

ကြက်သွန်နီ – ၅ ကျပ်သား

စပါးလင် – ၂ ပင်

ဆီ – ၇ ကျပ်သား

ပြင်ဆင်ချက်ပြုတ်ပုံအဆင့်ဆင့်

(လူ ၁၀ ဦးစာ)

ငါးခူကို အရိအမည်းများ စင်အောင်ဆေးကြောပြီး လက်နှစ်လုံးခန့် အရွယ်ညီညီတုံးကာ နနွင်း၊ ဆား၊ ငံပြာရည်တို့ဖြင့် သင့်ရုံနယ်ထားပါ။ ငရုတ်သီး၊ စပါးလင်နှင့် ကြက်သွန်နီတို့ကို ညက်အောင်ထောင်းပြီး ငါးနှင့်ရော၍ဆုပ်ကာ နယ်ထားပါ။ ဆီပူအောင်လုပ်ပြီးလျှင် နယ်ထားသည့်ငါးများကို ထည့်ပါ။ တစ်ဖက်မှ ငါးအရေတင်းလျှင် တစ်ဖက်သို့ သံယောင်းမဖြင့် လှန်ပေးပါ။ ရှေ့တိုးနောက်ဆုတ်မွှေပေးပါ။ သမသွားလျှင် ရေနွေး (၁) နို့ဆီဘူးစာခန့် ထည့်ပြီး အသာအယာမွှေပါ။ ဆီပြန်လျှင် တည်ခင်း၍ ရပြီဖြစ်ပါသည်။