ငါးခူရဲယိုရွက် ဟင်းဟာ ငါးမကြိုက်တဲ့သူတွေတောင် စားကြတဲ့ဟင်းဖြစ်ပြီး မန်းရွှေမြို့တော်ရဲ့ မင်္ဂလာပါ စားသောက်ဆိုင်ရဲ့ လူကြိုက်များလှတဲ့ ဟင်းလျာလည်း ဖြစ်ပါတယ်။

အိမ်မှာ ကိုယ်တိုင် ချက်စားမယ်ဆိုရင်လည်း အချိန်ကုန် သက်သာပြီး လွယ်ကူတဲ့ ဟင်းဖြစ်တာကြောင့် ဒီတစ်ပတ်မှာ ချက်ဖို့ စဉ်းစားထားပါတယ်။
ငါးခူဆိုတဲ့ ငါးဟာ အရသာ နဂို အချိုဓာတ်များပါတယ်။ ရဲယိုရွက်ရဲ့ ခါးသက်သက် အရသာနဲ့ ပေါင်းလိုက်တဲ့ အခါ ခံတွင်းကို မြိန်စေပြီး နလန်ထ လူမမာတွေတောင် ခံတွင်း လိုက်စေမယ့် ဟင်းပါ။

ရဲယိုရွက်တို့ကို စားသုံးခြင်းဖြင့် ခန္ဓာကိုယ် အပူချိန်ကို ထိန်းသိမ်း ပေးနိုင်ခြင်း၊ ခန္ဓာကိုယ် စွမ်းအားကို တိုးပွားစေခြင်း တို့ကိုလည်း ဖြစ်စေနိုင် ပါတယ်။
ရဲယိုရွက်ဟာ ဝမ်းကို မှန်စေပြီး ဝမ်းချုပ်သူတွေ အတွက် အထောက်အကူ ဖြစ်စေပါတယ်။

ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ ငါးနဲ့ ရဲယိုရွက်ကို ပေါင်းပြီး ချက်တာဟာ ကျန်းမာစေတဲ့ ဟင်းတစ်ခွက်ပါ။

ကဲ..ချက်လိုက်ကြရအောင်။

ပြင်ဆင်ချိန် – ၁၅ မိနစ်
ချက်ပြုတ်ချိန် – ၂၀ မိနစ်

1

ပထမဦးစွာ အသားလွှာထားတဲ့ ငါးခူကို ရေသေချာ ဆေးပြီး အတုံးလေးတွေ ပြန်တုံးပါ။ ကျွန်မကတော့ ဈေးထဲကနေ ဝယ်ကတည်းက အသားလွှာပေးခိုင်းထားပါတယ်။

ငါးခူ အကောင်ကြီးကြီးဆိုရင် ၂ကောင်လောက်ဆို တစ်ခွက်စာ အဆ င်ပြေပါတယ်။ ရဲယိုရွက်ကို အရွက်လို ရေ သေချာ ဆေးပါ။

ဖုန်တွေနဲ့ အမှိုက်တွေ ကပ်နေတတ်ပါတယ်။

အရွက်တွေကို လှီးပြီး တခါ ထပ်ဆေးပါ။ ရေများများနဲ့ လှုပ်ပြီး ဆေးပါ။

ငါးတွေကို ဆားအနည်းငယ် ၊ နနွင်း၊ ကြက်သားမှုန့် အနည်းငယ်နဲ့ နှံ့အောင် နယ်ပါ။ ဆုပ်ဆုပ်ပြီး နယ်ပေးပါ။

catfish with leaf _1

ခဏ နှပ်ထားပြီး ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်းတို့ကို ခပ်ပါးပါး လှီးထားပါ။ အိုးထဲ ဆီထည့်ပြီး ကြက်သွန်နဲ့ ဂျင်းတွေကို အရင်ထည့်ပါ။ အနည်းငယ် နွမ်းသွားချိန်မှာ ငါးတွေကို အရင်ထည့်ပြီး မွှေပေးပါ။

catfish with leaf_2
အရမ်းမွှေတာမျိုး မလုပ်ဘဲ ခပ်ဖွဖွ မွှေပေးပါ။ အတုံးတွေ ကြေသွားရင် ကြည့်ရတာ သိပ်မလှတော့လို့ပါ။

ငါးနံ့ပျောက်ပြီး အနံ့လေး မွှေးလာပြီဆိုရင်တော့ အဆင်သင့် ပြင်ထားတဲ့ အရွက်တွေကို ရောထည့်လိုက်ပါ။

ထည့်လိုက်တဲ့ အချိန်မှာ အရွက်တွေ အရမ်းများတယ်လို့ ထင်ရပုံပါ။

ဒါပေမယ့် နွမ်းသွားတဲ့ အခါ နည်းနည်းပဲ ကျန်ပါတော့တယ်။

catfish with leaf_3

ဒါကြောင့် အရွက်များများ ကြိုက်သူတွေဆိုရင်တော့ ပိုပြီး ထည့်ပါ။ အရွက်တွေ နွမ်းပြီး အနံ့မွှေးလာတဲ့ အချိန်ထိ ချက်ပေးပါ။ ရေမထည့်ပါဘူး။

catfish with leaf
ခပ်ဖွဖွ မွှေပြီး အနံ့မွှေးလာပြီဆိုရင်တော့ မီးပိတ်လို့ ရပါပြီ။

ဒါဆိုရင်တော့ မြန်ဆန်ပြီး လွယ်ကူတဲ့ ငါးခူရဲယိုရွက်ဟင်းလေး ရပါပြီ။

မန်းမြို့ကို ရောက်ခဲ့လို့ ဟင်းလက်ရာကောင်းတွေ စားချင်တယ်ဆိုရင်တော့ ဒီလို အရသာ ရှိပြီး အိမ်ချက်လေးတွေ လို ဖြစ်နေတဲ့ မင်္ဂလာပါ စားသောက်ဆိုင်ကို လှမ်းခဲ့ပါနော်။