ဟင်းသီးဟင်းရွက်သိပ်မကြိုက်တဲ့သူတွေတောင် ကြိုက်နှစ်သက်ကြတဲ့ အစားအစာတစ်ခုကိုပြောပြပါဆိုရင် ပန်းဂေါ်ဖီကြော်ပဲဖြစ်ပါတယ်။ ပန်းဂေါ်ဖီကို ကြက်ဥနဲ့ရောကြော်လိုက်ရင် အင်မတန်စားလို့ကောင်းလှပါတယ်။

ဒါပေမဲ့ ဒီတစ်ခါမှာတော့ ဟင်းလျာအသစ်အဆန်းတစ်မျိုးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ပန်းဂေါ်ဖီကြော်မဟုတ်ဘဲ ပန်းဂေါ်ဖီသုပ်ကို ကြက်ဥ၊ ဝက်ပေါင်ခြောက်တို့နဲ့ရောသုပ်ထားတာပဲဖြစ်ပါတယ်။ အရသာရှိရှိဘယ်လိုသုပ်စားကြမလဲဆိုတာ အတူတူဆက်လေ့လာကြည့်လိုက်ရအောင်။

ပါဝင်ပစ္စည်းများ

  • အနေတော်အတုံးလှီးဖြတ်ထားသော ပန်းဂေါ်ဖီ ပန်းကန်လုံး ၂ လုံးခွဲခန့်
  • ကြက်ဥပြုတ် ၂ လုံး
  • ကြက်သွန်နီ တစ်ခြမ်း (ပါးပါးလှီးထားပါ)
  • မုန်ညင်းဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • မိရောနိစ် ပန်းကန်လုံးတစ်ဝက်

Photo Source: eatdrinkpaleo.com.au

  • ပဲလုံး ပန်းကန်လုံး တစ်ဝက်ခန့်
  • သံပုယိုရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ဝက်ပေါင်ခြောက် ၆ ပြား
  • ဆားအနည်းငယ်
  • ငရုတ်ကောင်းအနည်းငယ်

ပြုလုပ်နည်းအဆင့်ဆင့်

ပန်းဂေါ်ဖီကို အနေတော်အတုံးလေးများ တုံးထားကာ အိုးထဲထည့်ပြီး ၈ မိနစ်၊ ၁၀ မိနစ်ခန့် ဆူအောင် တည်ထားပါ။ ထို့နောက် ပန်းဂေါ်ဖီများကို ခွက်တစ်လုံးထဲထည့်ပြီး အအေးခံထားပါ။

ဒယ်အိုးကို အပူပေးပြီး ဆီထည့်ကာ အလယ်အလတ်မီးအပူချိန်နဲ့ ဆီပူလာအောင်စောင့်ပါ။ ဝက်ပေါင်ခြောက်ကို အတုံးခပ်သေးသေးလှီးဖြတ်ထားပြီး မီးအေးအေးလေးနဲ့ကြော်လိုက်ပါ။

ပြုတ်ထားသော ကြက်ဥကို အခွံခွာပြီး ခပ်သေးသေးလေးလှီးဖြတ်ထားပါ။ ကြက်သွန်နီကိုလည်း ပါးပါးလှီးထားပါ။

ထို့နောက် ပန်းကန်လုံးအသေးတစ်လုံးထဲမှာ မိရောနိစ်၊ သံပုယိုရည်နဲ့ မုန်ညင်းဆီတို့ထည့်ပြီး သေချာနယ်ပေးလိုက်ပါ။

နောက်တစ်ဆင့်အနေနဲ့ ပန်းကန်လုံးအကြီးတစ်လုံးထဲမှာ ပန်းဂေါ်ဖီ၊ ကြက်ဥ၊ ကြက်သွန်နီ၊ ဝက်ပေါင်ခြောက်ကြော် (တစ်ဝက်ခန့်သာ)နဲ့ မိရောနိစ်အရောအနှောတို့ကို ပေါင်းထည့်ပြီး သမအောင်နယ်ပေးလိုက်ပါ။

နောက်ဆုံးနယ်ပြီးသွားတဲ့အခါ ဆားနှင့် ငရုတ်ကောင်းထည့်ပြီး အရသာအပေါ့အငန်မြည်းကြည့်လိုက်ပါ။ နယ်ပြီးသွားမှ တစ်ဝက်ကျန်တဲ့ ဝက်ပေါင်ခြောက်ကြော်ကို ထပ်ထည့်လိုက်ပါ။

ဒါဆိုရင်တော့ ပုံမှန်စားနေကျ ပန်းဂေါ်ဖီနဲ့ ကြက်ဥရောကြော်ထားတာမျိုးမဟုတ်ဘဲ ပန်းဂေါ်ဖီ၊ ဝက်ပေါင်ခြောက်နဲ့ ကြက်ဥသုပ် ဟင်းလျာလေးကို အရသာရှိရှိသုံးဆောင်နိုင်ပါပြီ။

Source: www.mydeliciousmeals.com