အင်မတန် နှစ်သက်တဲ့ ရာသီစာ အင်ဥလေးတွေ ဈေးထဲမှာ တွေ့လိုက်တော့ ဈေးကြီးပေမဲ့လည်း အိမ်က အဘ အတွက် ကိုတော့ ပေါ်ဦးပေါ်ဖျား စားရအောင် ဝယ်ခဲ့တယ်။  အင်ဥက မိုးတပေါက်နှစ်ပေါက် ကျပြီဆိုရင် ပေါ်တယ်။ ပေါ်တဲ့ အချိန်က တိုတောင်းတယ်။ အင်ဥကို သုတ်လည်း စားကြတယ်။ ကြက်သွန်ဖြူ နဲ့ ဆားလေးနဲ့ ကြော်စားရတာကို ပိုနှစ်သက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ပေါင် – ၂ခု
  • အားလူး – ၁ လုံး
  • အင်ဥ – လက်တဆုပ်
  • ကြက်သွန်နီ – ၁ ဥ (ဥကြီး)
  • ကြက်သွန်ဖြူ – ၅ မွှာ (အသေး)
  • ပဲငံပြာရည်အနောက် ၂ဇွန်း (ထမင်းစားဇွန်း)
  • ဂျင်း – အနည်းငယ်
  • ဆား – အနည်းငယ်
  • ဆီ – အနည်းငယ်
  • နံနံပင် – အနည်းငယ်
  • ငရုတ်ကောင်း – အနည်းငယ်

ပြင်ဆင်ပြုလုပ်နည်း

  1. ကြက်ပေါင်ကို တစ်လက်မခန့် အတုံးလေးများတုံးပါ ။   အာလူးကို လက်တစ်ဆစ်ခန့် တုံးပါ ။   အင်ဥကို မထူးမပါး လှီးပြီး အဆင်သင့် ထားပါ ။
  2. ကြက်သွန်နီ ၊ ကြက်သွန်ဖြူ ၊ ဂျင်းတို့ကို ရောထောင်းရျ် ဆီသတ်ပါ ။
  3. ကြက်သွန် အရောင်ပြောင်းသွားလျှင် တုံးထားသော ကြက်သားကို ထည့်၍ ချက်ပါ ။
  4. ကြက်သား အနည်းငယ် နူးလာလျှင် အာလူး ၊  အင်ဥ ၊ ပဲငံပြာရည် အနောက် ၊ ဆား အနည်းငယ် ထည့်ပါ ။  ရေနွေး အနည်းငယ် ထည့်၍ အုပ်ထားပါ ။   အသားနှင့် အာလူးနူး အိလာပြီဆိုလျှင် အရသာ အပေါ့အငန် မြည်းပြီး နံနံပင်နှင့် စားခါနီး အပေါ်မှ ငရုတ်ကောင်းမှုန့် အုပ်ပြီး စားသုံးနိုင်ပါသည်။

MyFood Myanmar