အားလုံးပဲ မင်္ဂလာပါ။ အစားအစာတိုင်းက သူ့ဟာနဲ့သူ အရသာရှိကြတယ်ဆိုပေမယ့် ကိုယ့်မြန်မာအစားအစာမှ ပိုအရသာရှိတယ်၊ ပိုကြိုက်တယ်ဆိုသူများအတွက် အခုတစ်ခါမှာတော့ မြန်မာဆန်ဆန် ကြက်သားနဲ့အာလူးဟင်းလျာလေးကို ဖော်ပြပေးချင်ပါတယ်။

ကြက်သားချည်းပဲ စားမယ်ဆိုရင် ဟင်းမလောက်တာလည်းဖြစ်နိုင်သလို ဟင်းပမာဏလေးပိုများသွားပြီး ပိုအရသာရှိသွားစေဖို့ အာလူးလေးရောပြီး ချက်ကြည့်ရအောင်။

ပါဝင်ပစ္စည်းများ

  • ကြက်သား (ပေါင် သို့မဟုတ် ရင်ပုံ) – ၁ ကီလိုဂရမ်
  • ဂျင်း – လက်မအရွယ် တစ်တက်
  • ကြက်သွန်ဖြူ – အရွယ်ကြီးတဲ့ ၂ မြွှာ
  • ကြက်သွန်နီ (လှီးပြီးသား) – ၃ လုံး
  • သံပုယိုသီး (အရည်ညှစ်ပြီးသား) – တစ်ခြမ်း

  • နနွင်း – လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ဆား – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ဆီ – အချိုပွဲဇွန်း ၂ ဇွန်း
  • မဆလာ – အချိုပွဲဇွန်း ၁ ဇွန်း
  • ဇီရာစေ့ – အချိုပွဲဇွန်း ၁ ဇွန်း

  • အစိမ်းမှုန့် – လက်ဖက်ရည်ဇွန်းတစ်ဝက်
  • အာလူး – ခပ်ကြီးကြီး ၂ လုံး (အနေတော်အတုံးလေးတွေလှီးပါ)

ပြင်ဆင်ချက်ပြုတ်ပုံ

၁။ ကြက်သားကို သံပုယိုသီး၊ နနွင်း၊ ဆား၊ ဂျင်း၊ ကြက်သွန်ဖြုတို့နှင့် ကြာကြာလေး သေချာနှပ်ထားပါ။

၂။ မီးဖိုပေါ်မှာ ဒယ်အိုးတင်ကာ ဆီပူပေးပြီး ကြက်သွန်နီတွေကို အနည်းငယ်ရွှေညိုရောင်သမ်းတဲ့အထိ ကြော်ပေးပါ။ အညိုရောင်သမ်းလာပြီဆိုရင် ဇီလာစေ့၊ မဆလာ၊ အစိမ်းမှုန့်တို့ထည့်ပါ။

၃။ ခန့်မှန်းခြေ ၃ မိနစ်လောက် ကြော်ပေးပါ။ အကယ်လို့အနှစ်က ခြောက်တယ်လို့ထင်ပါက ရေနည်းနည်းထည့်ပေးပါ။

၄။ နှပ်ထားတဲ့ကြက်သားကိုထည့်လိုက်ပြီး အကုန်လုံးထဲစိမ့်ဝင်အောင် သေချာမွှေပေးပါ။ မီးကိုနည်းနည်းလျှော့လိုက်ပြီး ၁၀ မိနစ်တည်ထားလိုက်ပါ။ ဒယ်အိုးမကပ်လေရအောင် ရံဖန်ရံခါ မွှေပေးပါ။

၅။ မြည်းကြည့်လို့ ပေါ့တယ်ထင်ပါက ငါးငံပြာရည် နည်းနည်းထည့်ပေးပါ။ Oven ထဲကို ပြောင်းထည့်ပြီး မိနစ်လေးဆယ်ထားကာ တအားခြောက်မသွားအောင်လည်း သေချာစစ်နေပါ။

၆။ အချိန်ပြည့်လျှင် ပြန်ထုတ်ပြီး အာလူးတွေထည့်ကာ နောက်ထပ် မိနစ် ၂၀ လောက်ထားပါ။

ပြီးရင်တော့ အရသာရှိရှိ စားသုံးနိုင်ပါပြီ။

Credit: burmeseasy.com

Featured Image Source: We [Heart] Food