မိမိအိမ်မှာ အထူးဧည့်သည်တော်များကို နေ့လည်စာနဲ့တည်ခင်း ဧည့်ခံချင်ရင်ပဲဖြစ်ဖြစ်၊ ညစားနဲ့ တည်ခင်းဧည့်ခံချင်တဲ့အခါမျိုးမှာ ဧည့်သည်တွေသင့်ရဲ့ ဟင်းချက်လက်ရာကို အထင်ကြီးပြီး လျှာလည်သွားစေမယ့် ဟင်းလျာပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။ ခရမ်းချဉ်သီးနဲ့ ငရုတ်ပွပါဝင်တဲ့ ကြက်သားချိစ် ဟင်းလျာပြုလုပ်နည်းလေးပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

Photo Source: www.freshmenu.com

  • အရိုးမပါ၊ အရေခွံမပါသည့် ကြက်ရင်အုံသား ၃ တုံး
  • ငရုတ်ပွ ၁ ခု (ငရုတ်ပွ အနီရောင်တစ်ခြမ်း၊ အဝါရောင် တစ်ခြမ်း အသုံးပြုရင်တော့ စားချင်စရာလေးနဲ့ အမြင်လှပါတယ်)
  • ကြက်သွန်နီ ၁ လုံး
  • ခရမ်းချဉ်သီး ၂ လုံး

Photo Source: www.peteschopshop.com.au

  • အချောင်းလိုက် ခြစ်ချထားသော ချိစ် ပန်းကန်လုံးတစ်ဝက်ခန့်
  • မိရောနိစ် စားပွဲတင်ဇွန်း ၃ ဇွန်းခွဲခန့်
  • ဆားအနည်းငယ်
  • ငရုတ်ကောင်းမှုန်အနည်းငယ်

ပြုလုပ်နည်းအဆင့်ဆင့်

ကြက်ရင်အုံသားတစ်တုံးစီကို ပလပ်စတစ်ထုပ်လေးနဲ့ ပတ်ထားပြီး အလေးတုံးနဲ့ထုပေးလိုက်ပါ။ ထို့နောက် ကြက်ရင်အုံသားကို အလျားလိုက် ထက်ခြမ်းခြမ်းပေးလိုက်ပါ။ ပြီးရင် ဆားနဲ့ ငရုတ်ကောင်းဖြူးပါ။ မီးဖုတ်မယ့် လင်ဗန်းကို ခဲဖတ်ခံထားပြီးနောက် ကြက်သားဖတ်များကို ခဲဖတ်ပေါ်တင်ထားလိုက်ပါ။

ငရုတ်ပွ၊ ကြက်သွန်နီနဲ့ ခရမ်းချဉ်သီးတို့ကို အကွင်းလိုက်လှီးထားပါ။

ထို့နောက် Oven ကို အပူချိန် ၃၅၀ ဒီဂရီဖာရင်ဟိုက်ဖြင့် ကြိုတင်အပူပေးထားပါ။ စောစောက ကြက်သားဖတ်အပေါ်မှာ အဝိုင်းလိုက်လှီးထားတဲ့ ကြက်သွန်နီ၊ ခရမ်းချဉ်သီးနဲ့ ငရုတ်ပွတို့ကို အညီအမျှစီခွဲဝေတင်ထားလိုက်ပါ။

ထို့နောက် မိရောနိစ်လေးထပ်တင်ပေးရပါမယ်။ မိရောနိစ်တွေ လှလှလေးဆမ်းဖို့အတွက် ကိတ်မုန့်ဖုတ်ပြီးတဲ့နောက် ခရင်မ်ညှစ်တဲ့အခါ အသုံးပြုသော ခရင်မ်အိတ်ထဲထည့်ပါ (ထိုအိတ်မရှိပါက ပလပ်စတစ်အိတ်ကို အပေါက်သေးသေးဖောက်ကာ မိရောနိစ်ထည့်ပြီး ကြက်သားဖတ်ပေါ်မှ ညှစ်ထည့်ပေးလိုက်ပါ)

မိရောနိစ်အပေါ်မှာ ချိစ်လေးတွေ အညီအမျှထပ်မံခွဲထည့်ပေးလိုက်ပါ။ ထို့နောက် Oven ထဲမှာ ၂၅ မိနစ်ခန့် ထည့်ထားလိုက်ပါ။

ဒါဆိုရင်တော့ ငရုတ်ပွနဲ့ ခရမ်းချဉ်သီးပါဝင်တဲ့ ကြက်သားချိစ် ဟင်းလျာကို ရရှိသွားပါပြီ။

Source: www.mydeliciousmeals.com